ကြည်နူးဖွယ်အချိန်လေးများ

ဒီနေ့တော့ပျင်းပျင်းရှိတာနဲ့ဘာရေးရကောင်းမလဲဆိုပြီး အွန်လိုင်းပေါ်မှာဟိုဟိုသည်သည်လျှောက်သွားရင်းမှ စဉ်းစားနေမိပါတယ်။ ခဏနေတော့မြန်မာပြည်မှာရှိတဲ့အိမ်နားကအသိလင်မယားအကြောင်းလေးက တိုက်တိုက်ဆိုင်ဆိုင်ခေါင်းထဲ၊အတွေးထဲဝင်လာတာနဲ့ နည်းနည်းပါးပါးပြန်စီပြီး ခုလိုဇာတ်လမ်းတိုလေးတစ်ပုဒ်ရေးလိုက်မိပါတယ်။(ငယ်ငယ်တုန်းကအဖြစ်အပျက်လေးပါ) ကျနော်ရေးလိုက်တဲ့ဇာတ်လမ်းတိုလေးဟာ စာဖတ်သူတွေရဲ့အဖြစ်အပျက်နဲ့များတိုက်ဆိုင်သွားခဲ့ပါက ခွင့်လွှတ်နားလည်ပေးကြပါ။ အမှန်မှာတော့ခုလိုတိုက်ဆိုင်တာမျိုးလည်းဖြစ်လာချင်မှဖြစ်လာမှာပါပဲ။သို့သော် ကိုယ်က(ဘယ်သူ့ကိုမှစော်ကားဝေဖန်လိုစိတ်မရှိပါပဲ) အပျော်သက်သက်ရေးလိုက်မိသောစာက တစ်ပါးသူကိုစိတ်အနှောင့်အယှက်ဖြစ်သွားမှာကိုမလိုလားတာမို့ ကြိုတင်ပြီးတောင်းပန်ထားလိုက်တာပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အားလုံးကိုခင်မင်လေးစားလျက်ပါ။






သူတို့လင်မယားကအိမ်ထောင်ကျပြီးခါစမှာတော့ကျနော်တို့ရပ်ကွက်မှာအခန်းတစ်ခန်းငှားပြီး နေခဲ့ကြတာပါ။အပျို၊လူပျိုဘဝမှာတော့ကိုယ်အိမ်မှာပဲကိုယ့်မောင်နှမတွေနဲ့အတူတူနေခဲ့ကြတာပါ။ အရင်နေခဲ့ကြတဲ့အိမ်တွေကခုနေတဲ့ရပ်ကွက်ရဲ့တစ်ဖက်ခြမ်းကားလမ်းမဘေးကရပ်ကွက်ပဲဆိုတော့ နီးလည်းနီးနေတယ်လေ။ ဒါကြောင့်လည်းနှစ်ဖက်စလုံးမှာပြေလည်တဲ့မိဘတွေတော့ရှိပါရဲ့.. လူငယ်တွေပီပီ ဘဝခရီးလမ်းကိုလွတ်လွတ်လပ်လပ်နှင့်စွန့်စွန့်စားစား နှစ်ယောက်ထဲလျှောက်လှမ်းပါရစေဆိုတော့ နှစ်ဖက်မိဘများကလည်းသဘောတူခွင့်ပြုလိုက်ရတာပေါ့။ ခွင့်ပြုလိုက်တယ်ဆိုပေမယ့်လည်းလုံးဝလွှတ်ထားလိုက်ကြတာမဟုတ်လေတော့နေ့စဉ်မဟုတ်လေတောင် ရက်ခြား သုံးရက်ခြား လေးရက်ခြားလောက် နှစ်ဖက်မိဘတွေအနက်ကမိခင်ဖြစ်သူတွေက လာလာပြီး လိုအပ်တာတွေ၊အမြင်မတော်တာတွေကို တည့်မတ်ပြုပြင်ပေးကြပါသည်။ ဒါကလည်းသားသမီးတို့အပေါ် ထားရှိသောမိဘများရဲ့စေတနာကြောင့်ပဲလို့မြင်မိပါတယ်။သူတို့လည်း ငယ်ရာကကြီးလာကြသူများဆိုတော့ အိမ်ထောင်တစ်ခုတွင်ဘာတွေလိုအပ်ချက်ရှိတတ်တယ်၊ဘာကိုတော့ဖြင့်ဘယ်လိုဖာထေးလိုက်ရင် အကုန်အကျနည်းနည်း ချွေတာရာရောက်တယ်..စသဖြင့်တစ်ခါလာတစ်ခါမရိုးရအောင် ယောက္ခမဖြစ်သူကသားမက်ကိုသွန်သင်ဆုံးမလိုက်၊ ချွေးမဖြစ်သူကိုလည်းတစ်ဖက်ယောက္ခမက ထောင့်စေ့နေအောင်လက်ချာပေးသွားလိုက်နဲ့ပေါ့ဗျာ။ပထမပိုင်းမှာတော့ဘာမှမသိသာသေးပါဘူး။ ဘာလို့လည်းဆိုတော့နှစ်ယောက်လုံးကအိမ်ထောင်ကျကာစမို့ ယောက္ခမတွေရဲ့အငြိုအငြင်ကို သီးခံတတ်ကြတယ်လေ။ သြော်.....သူတို့လင်မယားနဲ့သူငယ်ချင်းတို့ကိုမိတ်ဆက်ပေးဖို့မေ့သွားတယ်ဗျာ။ ဆော်ရီးပါနော်။ မောင်သောင်းဝင်းနဲ့မစန်းရီလို့ပဲမိတ်ဆက်ပေးတော့မယ်ဗျာ..။ဖြစ်တယ်မဟုတ်လား? မောင်သောင်းဝင်းရဲ့အမေကအလှအပထက်ကို သန့်ရှင်းသပ်ရပ်တာပိုကြိုက်ပါတယ်..ဥပမာဗျာ.. ထမင်းစားစားပွဲပေါ်မှာ ပလပ်စတစ်စားပွဲခင်းကို ကျကျနနခင်းထားပေမယ့်အဲဒီအခင်းပေါ်မှာ ဟင်းစဟင်းနပေကျံနေတာမျိုးကိုလုံးဝသဘောမကျပါ။ မီးဖိုချောင်တွင်မဆေးရသေးသော ပန်းကန်ခွက်ယောက်များစုပုံထားခြင်းကိုမကြိုက်ပါ။ ထိုသို့မြင်မိတိုင်းလည်းချွေးမဖြစ်သူကို ''သမီးရေ စားသောက်စရာတွေစားပြီးပြီးချင်းမဆေးပဲပုံထားရင် ပေကျံနေတဲ့ပန်းကန်ခွက်ယောက်တွေက စားသောက်ခဲ့ကြသူတွေပင်ပမ်းဆင်းရဲကြပါစေလို့ ကျိန်ဆဲတတ်ကြတယ်သမီးရဲ့..အဲတာကြောင့်  စားပြီးရင်တော့ချက်ချင်းဆေးသာဆေးပစ်လိုက်၊နောက်အလုပ်တွေနောက်မှလုပ်ရတယ်သမီးရေ'' ဟုဆုံးမတတ်သည်။ အသက်ကြီးလာလေစကားများလာလေဟု မောင်သောင်းဝင်းမှတ်ချက်ချထားသည့်အတိုင်း မောင်သောင်းဝင်း၏မိခင်မှာအလွန်စကားများတတ်သောသူ ဖြစ်နေလေသည်။ သူ့လေကြောမိလျှင်မလွယ်ပါ။ ပုံတိုပတ်စများမှအစမဟာဝင်၊ဗုဒ္ဓဝင်အထိပြောဆိုဆုံးမနေလေ့ရှိပါသည်။ မစန်းရီကလည်းယောက္ခမပူပူနွေးနွေးမို့ရှေ့တွင်ဘာမှမပြောသော်လည်းကွယ်ရာတွင်မူ ဒေါ်လေကြောရှည် ဟုခေါ်ဝေါ်လေ့ရှိပါသည်။

ထို့နည်းတူစွာမစန်းရီ၏အမေမှာလည်းလေရှည်အမျိုးအစားထဲတွင် မသွင်းလို့မဖြစ်သောလူမျိုးဖြစ်လေသည်။ သို့သော်သူလေကြောရှည်ဟန်ကတော့ မောင်သောင်းဝင်း၏အမေလေကြောရှည်သလိုမဟုတ်။ ဘဝအတွေ့အကြုံကိုအခြေခံ၍လေကြောရှည်ကာပြောဆိုဆုံးမတတ်သူဖြစ်လေသည်။ မည်သို့ဆိုစေ အဘွားကြီးတော်တော်များများ (အားလုံးနီးပါးပင်) လေကြောရှည်တတ်ကြသည်ဟု ကျနော်မြင်မိပါ၏။ :P





လူကြီးမိဘတွေအရောက်အပေါက်များပြီးလေကြောရှည်တတ်ကြသဖြင့်ဆိုးသည်ဟုလည်းမဆိုပြန်သာ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့အတွေ့အကြုံရင့်ကြတ်သော လူကြီးများ (မောင်သောင်းဝင်းအမေနှင့်မစန်းရီအမေ) မကြာမကြာရောက်လာကြကာ လိုအပ်ရင်လိုအပ်သလို ထိန်းမတ်ပေးသည့်အတွက်ကြောင့် အယိုအဖိတ်လည်း နည်းလွန်းမကနည်းလွန်းလှပါသည်။ ဥပမာဆိုရလျှင်သရက်သီးပေါတုန်းဝယ်ထားလိုက်စမ်း... ဟဲ့ တညင်းသီးပေါတုန်းဝယ်ထားလိုက်စမ်းဟဲ့ ဆိုပြီးလိုက်ဝယ်ခိုင်းလေရာ မောင်သောင်းဝင်းနှင့်မစန်းရီတို့စိတ်ထဲတွင် ကိုယ်စီကိုယ်စီ ''ဒီအဖွားကြီးတော့လုပ်ပြန်ပြီ'' လို့တွေးခဲ့ကြပေမယ့် တခါတခါဟင်းလျာရှားပါးလာလျှင်တော့ ထိုကဲ့သို့သော်အဖွားကြီးများ အကြံပေးချက်အတိုင်းဝယ်ကာဆားရည်စိမ်ထားခဲ့သော သရက်သီးဆားရည်စိမ်များ၊ တညင်းသီးဆားရည်စိမ်များမှာအသုံးဝင်လှပေသည်။ ထိုသရက်သီး ဆားရည်စိမ်နှင့်တညင်းသီးဆားရည်စိမ်များကိုဖဲ့ကာထမင်းဖြူဖြူထဲတွင်မြှုပ်ပြီးငါးပိရည်ကလေး၊ ငါးခြောက်ထောင်းကလေးနှင့်ပင်မြိန်ယှက်ဖွယ်ရာစားနိုင်သောက်နိုင်သောအခါတွင်မှာတော့ ''အဖွားကြီးလိုက်ဝယ်ခိုင်းလို့လုပ်ထားမိတဲ့ဟာတွေ တော်တော်နိပ်တယ်ကွ'' လို့ဖြစ်သွားရပြန်လေသည်။ အခြားသောနည်းများစွာလည်းရှိပါသေးသည်။ ဘယ်လိုပင်ပြောပြောမိဘအိမ်မှာကပ်နေတာနှင့်စာလျှင်တော့ အိမ်ခွဲနေခြင်းမှာ အိမ်စပေါ်၊လစဉ်အိမ်လခ၊လျှပ်စစ်မီတာခ၊ရေမီတာခ စသည်အားဖြင့် ပိုကုန်ကျပါသည်။ အိမ်သပ်သပ်ခွဲမနေပဲနှစ်ဖက်မိဘများအိမ်မှာတလှည့်စီလိုက်နေပါက ထိုကဲ့သို့အပိုကုန်ကျရခြင်းမှသက်သာနိုင်ပါသည်။ ခုတော့မောင်သောင်းဝင်းတို့ခမျာ အပြေးအလွှားရှာရဖွေရ၊ ဒီကြားထဲကမောက်ကမဖြစ်ရတာတွေကတစ်ပုံတစ်ပင်.............။ ငွေရေးကြေးရေးတင်မက ညရေးညတာအပေါင်းအဖော်နှင့်တွေ့ပြီးစကားကောင်းနေမိလျှင်ထမင်းမေ့ဟင်းမေ့ဆိုသော  
အစားထဲတွင် မောင်သောင်းဝင်းတို့ပါသဖြင့်အိမ်ခွဲနေရာတွင်သူများထက်ပိုပြီး ကသောင်းကနင်းဖြစ်ရပါသည်။





တစ်ခါကမစန်းရီကိုယ်ဝန်ရှိကာစမို့ထင်ပါရဲ့..မူးလဲကျသွားလေရာကပ်လျက်အခန်းမှ သဘောကောင်းသူကူညီရိုင်းပင်းတတ်သူလူမျိုးခြားမိသားစုသာမကူညီခဲ့ပါလျှင်မစန်းရီတစ်ယောက် မည်သို့ကြုံရမည်ကိုဘယ်သူမှမခန့်မှန်းတတ်ပါ။ ထိုအချိန်တွင်မောင်သောင်းဝင်းကတော့ လမ်းထိပ်က ''မင်းကျန်စစ်ကဖီး'' ဆိုသောလဘ္ဖက်ရည်ဆိုင်မှာ ဘော်ဒါတချို့နှင့်စကားကောင်းနေသောအချိန်ဖြစ်ပါသည်။  မနက်ကတည်းကမစန်းရီတစ်ယောက်နေလို့မကောင်း၊ခေါင်းထဲကမိုက်ကနဲ မိုက်ကနဲ ဖြစ်ဖြစ်သွားသည်ဟုကြိုတင်ပြောပြထားပါသော်လည်း အပေါင်းအသင်းနှင့်တွေ့ကာထမင်း၊ဟင်း၊မယား အားလုံးမေ့သွားသောမောင်သောင်းဝင်းကို မစန်းရီညနေခုနှစ်နာရီခန့်ထိစောင့်နေမိပါသော်လည်း ရောက်မလာသဖြင့်စိတ်တိုကာမိမိတစ်ယောက်ထဲပင်ရပ်ကွက်အတွင်းမှ ခင်မင်ရင်းနှီးလှသော ဒေါက်တာမြတ်လေးနွယ် ဆီသို့သွားပြမည်ဟုဆုံးဖြတ်ထားလိုက်ပါသည်။ ထိုသို့ဆုံးဖြတ်ပြီးဆေးခန်းသွားပြရန် ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်နေစဉ် ဝမ်းဗိုက်ထဲကရစ်တစ်တစ်ဖြစ်လာသောကြောင့် နောက်ဖေးရှိအိမ်သာဆီသို့အသွား အိမ်သာဝမှာတင်ခေါင်းထဲကမိုက်ကနဲဖြစ်သွားကာ ချာချာလည်သလိုခံစားလိုက်ရပြီး ပုံကနဲလဲကျသွားပါသည်။ လဲကျပြီးသတိမလစ်မီအချိန်လေးအတွင်းမှာပင် ''ဒေါ်လေးအုန်း..ဒေါ်လေးအုန်း လုပ်ပါဦး'' ဆိုပြီးလှမ်းခေါ်လိုက်မိ၍သာတော်တော့သည်။  တစ်ဖက်ခန်းမှဒေါ်အုန်းလှမှာလည်း မစန်းရီ၏အသံကိုနားစွန်နားဖျားကြားလိုက်မိသဖြင့်အပြေးကလေးလာကြည့်ကြရာမှ လဲကျသတိလစ်နေသောမစန်းရီကိုတွေ့ကာ အမြန်ဆုံးနှာနှပ်ပြီးဆေးရုံသို့ပို့လိုက်ကြသဖြင့်သာ ခုထိမစန်းရီအသက်ရှင်နေနိုင်နေသည်ဟုပြောလျှင်လည်းမမှားနိုင်ပါ။ ထိုကဲ့သို့မစန်းရီအော်ခေါ်သံကိုကြားကြားခြင်းလွယ်လွယ်ကူကူမောင်သောင်းဝင်းတို့အခန်းကို ဝင်ခွင့်ရခဲ့သည်တော့မဟုတ်ပါ။ အိမ်အဝင်တံခါးမကြီးမှာခတ်ထားသောသော့ကြောင့် အသံနှင့်သာလှမ်းမေးနိုင်ပြီးဖြေသံပြန်မလာသောကြောင့် စိတ်ပူမိကာဒေါ်အုန်းလှမှာမိမိ၏သားကြီးကိုခေါ်ကာ သော့ခလောက်အားမရမကဖျက်စီးပြီးမှမစန်းရီကိုတွေ့ရခြင်းဖြစ်လေသည်။




ထိုအချိန်တွင်ကျနော်နော်တို့ဇာတ်လိုက်ကျော်ကြီးမောင်သောင်းဝင်းမှာတော့ လဘ္ဖက်ရည်ဆိုင်တွင်ကျကျနနကြီးထိုင်ကာ နာမည်ကျော်မိုနာလီဇာပန်းချီကားထဲမှ မိုနာလီဇာမှာယောင်္ကျားဖြစ်သည်၊မိန်းမဖြစ်သည်....စသည့်သူ့အတွက်ရော၊သူနှင့်ဆွေးနွေးငြင်းခုံနေကြသော သူများအတွက်ပါအရေးမကြီးသောကိစ္စကို အရေးအလွန်ကြီးနေသယောင်ယောင်လုပ်ကာ ငြင်းခုန်နေကြသောအချိန်ဖြစ်လေသည်။ မောင်သောင်းဝင်းအိမ်ပြန်ရောက်လာသောအခါတွင် ဘေးအခန်းမှဒေါ်အုန်းလှနှင့်သူမ၏အမျိုးသားက ''မင်းနှယ်ကွာ မိန်းကလေးတစ်ယောက်ထဲအိမ်မှာထားလို့ ဘာတွေများဒီလောက်အလုပ်များနေရတာလဲကွယ်'' ဟုဆူသံကလေးနှော၍ဆီးပြောလေရာ မောင်သောင်းဝင်းလည်းသွားကလေးဖြီး၍ ''ဟဲ ဟဲ ကျနော်နည်းနည်းအလုပ်ရှုပ်သွားလို့ပါဗျာ'' ဟုကပျာကယာပြန်ဖြေကာ အိမ်ထဲသို့လှမ်းဝင်လိုက်လေသည်။ ထိုအခါမှပင်ခြေထောက်ပေါ်တွင်စောင်ကလေးလွှမ်းကာ လှဲလျောင်းနေသာမိန်းမဖြစ်သူမစန်းရီကိုတွေ့တော့မှ ''ဘာဖြစ်လို့လဲ ဟင်... ဘာဖြစ်သွားလို့လဲ. ဘာဖြစ်လို့လဲ'' ဟုမျက်ကလဲဆန်ပျာနှင့် ခြေပဲလှမ်းကိုင်တော့မလိုလို၊ ခေါင်းပဲလှမ်းကိုင်တော့မလိုလို ဖြစ်ခဲ့ရတာပေါ့ဗျာ။ (ခုမှတကယ်အလုပ်ရှုပ်သွားတာ..ဟီး) ဒီလိုပါပဲဗျာ..။ လင်မယားတွေညားကာစဆိုရင်အဲဒီလိုအဆင်မပြေတာတချို့လေးတွေရှိနေတယ်ဆိုပေမယ့်လည်း ကြည်နူးစရာကောင်းတဲ့လွတ်လပ်မှု့၊ ပျော်ရွှင်မှု့လေးတွေလည်းရှိတတ်ပါတယ်။ ပူပူနွေးနွေးအိမ်ထောင်ကျဖူးတဲ့အစ်ကိုအစ်မတွေပိုသိမှာပါနော်။ မိမိတို့ရဲ့အတွေ့အကြုံတွေကို သားသားတို့လို ဖရက်ရှာတွေနားလည်ပြီးကြိုတင်ပြင်ဆင်နိုင်အောင် ပို့စ်လေးတွေရေးပြီးမျှဝေပေးကြပါလို့....မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်လည်းမကြာမကြာမောင်သောင်းဝင်းတို့လင်မယားအကြောင်းတင်ပြပေးသွားပါ့မယ်ဗျာ။:P



ခင်မင်လေးစားစွာဖြင့်

ချင်းကလေး

8 Responses
  1. Angelhlaing(May everybody be happy and healthy! Says:

    အံမယ် အံမယ် သူက ကိုယ်တွေ့ကျနေတာပဲ ရေးထားတာ ဟွန်းးးးး :):) တော်လို့ ...မီနာလိုတာပါ..:P

  2. စံပယ်ချို Says:

    ဟုတ်တယ်လေ ကိုယ်တွေ့ပဲ
    အိမ်ချင်းကပ်နေတော့တွေ့နေရတာပေါ့နော်....
    ကိုယ့်အိမ်ဘေးကိုတော့သေချာလေ့လာရတော့မယ်
    သူလိုလူများရှိနေမလားငါ့အကြောင်များစာထဲထဲ့ရေး
    နေမလားဆိုပြီး.......
    ရေးလဲရေးတတ်ပါ့။

  3. KMC@ချင်းလေး Says:

    @မမအိန်ဂျယ်မီနာလိုတာကြီးကလည်း..အဟွန့်. @မမဝါးခြမ်းပြားရေ..မီကြောက်ပါနဲ့ဂျာ. အဟင့် အားလုံးစပါယ်ရှယ်ကျေးဇူးပါဗျာ။

  4. Candy Says:

    ဟီးဟီး.. ပျော်စရာကြီး... ကြည့်ရတာ ငါ့အစ်ကိုလည်း အားကျနေပုံပဲ.. :P :P :P

  5. mstint Says:

    ချင်းကလေးရေ ဒီဇာတ်လမ်းလေးထဲကနေ လူကြီးသူမတွေရဲ့ လမ်းညွှန်ပေးတဲ့ နည်းလမ်းကောင်းလေးတွေဟာ တကယ်တော့ အင်မတန်မှတန်ဖိုးရှိတယ်ဆိုတာ သတိချပ်နိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  6. မင်္ဂလာပါ Says:
    This comment has been removed by the author.
  7. KMC@ချင်းလေး Says:

    @ဟုတ်အန်တီတင့်..အဓိကကျနော်ပေးချင်တဲ့Massageကလည်းအဲဒါပါပဲအန်တီ။ တကယ်တော့လူကြီးသူမတွေဆိုတာကျနော်တို့လူငယ်တွေအတွက်မရှိမဖြစ်ပါဗျာ။ @ညီမချိုချဉ်ရေပျော်ရင်လျှောက်လွှာတင်လိုက်တော့လေကွယ်..ငှဲငှဲငှဲ..။ အားပေးတာကျေးဇူးတင်ပါတယ်ဗျာ။

  8. အလင်းသစ် Says:

    အားပေးသွားပါပြီဗျာ။။။။ဟိဟိ..ကိုယ်နဲ့ကပ်လျက်က
    လူတွေကို သေချာလိုက်ကြည့်ဦးမယ်။။။။

abcs