ကမ်းမျှော်ငှက်

ပင်လယ်ထဲမထွက်ခင်နေပူပူကုန်းမြေပေါ်မှာလမ်းသလားနေတဲ့သူကို ကဗျာဆရာမြင့်ဦးဦးမြင့်က ကဗျာစာအုပ်လေးတစ်အုပ်လက်ဆောင်ပေးပါတယ်။ စာအုပ်ရဲ့နာမည်က ''ပင်လယ်ကိုလရောင်နဲ့မျှားရတယ်တဲ့'' ..။ တွေ့ဖူသမျှကဗျာစာအုပ်တွေထဲမှာတော့အတော့်ကိုအဆင်အပြင်ကောင်းမွန်တဲ့ စာအုပ်ပါ။ ပင်လယ်ကိုချစ်တတ်အောင်သင်နေသူ  'သူ့'  အတွက်ကံကောင်းခြင်းလက်ဆောင်ပေါ့။ မျှားတဲ့အလုပ်ကိုမကြိုက်ပေမယ့် 'မျှား' တဲ့စာတွေကိုသူကြိုက်သည်။ အပြင်လောကဇာတ်ခုံမှာတော့ 'မျှား' ခြင်းတွေသံသရာလည်နေသည်။ 'မျှား' ခြင်းဆိုသည်မှာ ကိုယ့်ရဲ့လိုအင်ဆန္ဒပြည့်ဝဖို့ တစ်ပါးသူအားဖြားယောင်းသွေးဆောင်သိမ်းသွင်းသည်ဟုအဓိပ္ပာယ်ဖွင့်လို့ရမလားမသိ။





ဒီလောက်ဆိုကိစ္စမရှိ၊အမျှားခံရသူအ,မအပေါ်မူတည်သည်။ဒီထက်ပိုဆိုးတာကကိုယ့်ရဲ့လိုအင်ဆန္ဒပြည့်ဝဖို့ တစ်ပါးသူအား 'မြှား' နှင့်ပစ်ခွင်းဇာတ်သိမ်းပေးခြင်းပင်..။
သမိုင်းဥိးအစယဉ်ကျေးမှု့မထွန်းကားခင်ကစခဲ့တဲ့ 'မျှားဗျူဟာ' သည်ယခုအချိန်ထိအသုံးတည်းနောကတုန်း။
လူတွေလည်းတီကောင်ဖြစ်လိုက်၊ကမ်းကြည့်ငှက်ဖြစ်လိုက်နှင့်လုံးချာလည်နေကြတုန်း။
သူ့ကိုတော့ ''ကမ်းမျှော်ငှက်'' ဟုဆိုရလေမလား.။ 
နားခိုစရာကုန်းမြေကိုလိုလိုလားလားစွန့်ခွါခဲ့ပြီးမှပြန်ပြန်မျှော်ကြည့်နေတတ်သည်။သင်္ဘောပေါ်မှာလည်း သူ့လိုပဲနားခိုရာကမ်းစပ်ကိုစွန့်ခွါလာကြသည့်ငှက်တွေတစ်စတစ်စများပြားလာတာတွေ့ရသည်။ သူတို့သင်္ဘောနှင့်မိုင်ငါးဆယ်ပတ်လည်တွင်ဘာကုန်းမြေမှမရှိ။ဒီလောက်ဝေးသည့်ခရီးကို ဒီငှက်တွေဘာကြောင့်စွန့်စားပျံသန်းခဲ့ပါလိမ့်။ ကုန်းမြေပေါ်မှာနေထိုင်စားသောက်ဖို့အတော့်ကိုခက်ခဲလို့လား၊ ပင်လယ်ပျော်စင်ရော်လောက်ဆိုသူဘာမှမပြော....အခုတော့ညမှာထွက်တဲ့ဇီးကွက်လည်းပါတယ်။ လောက်စာလုံးသာသာလောက်ပဲရှိတဲ့နှံပြည်စုတ်တောင်ပါလိုက်သေး..။ သူတို့သင်္ဘောကအမှိုက်ကိုစနစ်တကျထုပ်ပိုးပြီးမှရန်ကုန်ပို့တာဆိုတော့ ငှက်အပေါင်းတို့အတွက် အစားအစာရှားလတ္တံ့။ဒီတော့ငှက်အများစုဟာအမှိုက်ပုံနားကြာကြာမစောင့်တော့ပဲ သင်္ဘောပဲ့ပိုင်းတွင်ရေထဲသို့တွဲလောင်းချထားသော 'ကာဂိုပိုက်' ပေါ်တွင်နားကာပိုက်နားသို့ကပ်လာသော ငါးမှအစဂဏန်းအဆုံးချမ်းသာမပေးတော့။တနေ့သင်္ဘောဥိးပိုင်းအသွား ငှက်တစ်ကောင်သေနေသဖြင့်ကောက်ယူလွှင့်ပစ်ပြီးမကြာမီ မနီးမဝေးကားတာယာအဟောင်းများကြားထဲကငှက်ပေါက်လေးတွေရဲ့အသံကိုကြားရပါသည်။ မွေးဖွားခြင်းနှင့်သေဆုံးခြင်းပြယုဂ်ကိုသွားကြည့်တော့ကားတာယာအတွင်းပိုင်းထဲတွင် အသိုက်ကိုဖြစ်သလိုဆောက်ကာနေထိုင်ကြသည့်ဂျစ်ပစီငှက်မိသားစုကိုတွေ့ရသည်။ 
'' အုတ်ကြားမြက်ပေါက် ''၊'' ရေမျောကမ်းတင် '' အပြင် '' တာယာထဲအသိုက်ဆောက် '' လို့ပါထပ်ဖြည့်ရမည့်ပုံပင်။ 






မဆီမဆိုင်သူနေထိုင်ရာရပ်ကွက်တွင်မကြာခဏလာတတ်သော '' လမ်းလျှောက်ဈေးသည် '' တစ်ဥိးကို ပြေးသတိရလိုက်မိသည်။ဈေးသည်ဆိုပေမယ့်သူ့ပစ္စည်းက ''ရောင်းကုန်'' မဟုတ်၊ ''ထည့်ကုန်'' ..။ ထည့်လိုက်၊ကုန်လျှင်ပြန်ဖြည့်လိုက်နှင့်လုပ်နေရသော ''ဂတ်စ်မီးခြစ် '' ဆီဖြည့်သောအလုပ်။ ဟိုအရင်တုန်းက ''မီးခြစ်တွေပြင်တယ်၊ဂတ်စ်ထည့်တယ်'' ဆိုတဲ့သူ့ရဲ့အသံကိုတစ်ပတ်တစ်ခေါက်လောက်တော့ကြားရတတ်တယ်။သူ့အသံအတော် ''အောင်'' သည်။  ''သြဇာ'' ပါသည်။ဈေးရောင်းဖို့မကောင်းမိန့်ခွန်းပြောဖို့ကောင်းသည်။လွန်ခဲ့တဲ့နှစ်လသုံးလလောက်က သူ့အော်သံကြားရတော့အတော့်ကိုရယ်ချင်သွားပြီးနောက်ဆက်တွဲ မောရသည်။ ''မီးခြစ်တွေပြင်တယ်၊ဂတ်စ်ထည့်တယ်'' အော်ပြီးနောက် ''အုန်းဆီမွှေးမွှေးလေး'' လို့ထပ်အော်သည်။ သူ့ရဲ့မိုဘိုင်းရောင်းကုန်ကတစ်မျိုးထဲမဟုတ်၊နှစ်မျိုးဖြစ်သွားလို့ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်လာသည်ဟု ပြောလို့မရ။မီးခြစ်ကဂတ်စ်တစ်ခါထည့် ငါးဆယ်ကျပ် ဆိုတော့အသစ်တစ်လုံးမှတစ်ရာကျပ်သာ ပေးရသောခေတ်တွင်သူအလုပ်ဖြစ်ဟန်မတူ။ပြန်အမ်းငွေ ငါးဆယ်ကျပ် မရှိလို့ စပယ်ယာလိုမေ့ချင်ယောင်ဆောင်လို့လည်းမရ။ထို့ကြောင့်နောက်ကုန်စည်တစ်မျိုးပါတွဲ ရောင်းလာခြင်းဖြစ်မည်။
ဒါပေမယ့် ''အုန်းဆီ'' ဆိုတာကဒီဘက်ခေတ်မှာ ရယ်ဒီမိတ်ပါကင်ဘူးလှလှလေးတွေနှင့်ရောင်းကြသော ''ခေါင်းလိမ်းဆီ'' တို့ ''ဂျယ်လီဗူး'' တို့နောက်မှာကျန်နေခဲ့ပြီ။ ထိုအဆက်အစပ်မတည့်သော ''မီးခြစ်တွေပြင်တယ်၊ဂတ်စ်ထည့်တယ်၊အုန်းဆီမွှေးမွှေးလေး'' ဆိုတဲ့အော်သံလည်းနှစ်ခါသုံးခါလောက်သာ ကြားရပြီးနွေခေါင်ခေါင်တွင်ပျောက်သွားခဲ့တော့သည်။ အခုတော့အဲဒီဈေးသည် ''ကိုလူရိုး'' ဘယ်လိုများလုပ်ကိုင်စားသောက်နေပါလိမ့်။ အလွန်ရခဲသောလူ့ဘဝတွင်နေပူကျဲကျဲအောက် လျှောက်လှမ်းရသောခြေလှမ်းများအဓိပ္ပါယ်မမဲ့ကြပါစေနှင့်လို့ပဲ သူဆုတောင်းပေးနိုင်တော့သည်။





ညညဆိုလျှင်သင်္ဘော၏အပေါ်ဆုံးထပ်တွင်ရှိသောဘုရားခန်းသို့ဝင်ပြီး ဝေနေယျသတ္တဝါအပေါင်းအတွက် ဆုတောင်းရသည့်အပြင်သဘောင်္နှင့်မလှမ်းမကမ်းရှိမီးရောင်တဝင်းဝင်းနှင့်ညအမှောင်မှာမြင်ရသော ရေနံစင်ကိုပါဘေးအန္တရာယ်ကင်းဖို့ဆုတောင်းရသည်။ ဗြိတိသျှရေနံကုမ္ပဏီ (BP)ရေနံစင်မှးလောင်ပြီး ပင်လယ်ထဲမြုပ်သွားသည်ကိုTVသတင်းမှာမြင်ရပြီးကတည်းကသူ့အတွက်ဆုတောင်းစရာတစ်ခုပိုလာသည်။ နိုင်ငံတော်သယံဇာတဆုံးရှုံးရသည့်အပြင်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာကလည်းကြောက်ခမန်းလိလိပင်။
လွန်ခဲ့သောလကတည်းကပင်လယ်ထဲထွက်ကျလျက်ရှိသောရေနံစည်ပေါင်းတနေ့ငါးထောင်ရဲ့တန်ဖိုးကို အသာထားဦး..ပင်လယ်ကိုသန့်ရှင်းရေးလုပ်ဖို့ပင်ဒေါ်လာဘီလီယံနှစ်ဆယ်လောက်ကုန်မည်။ ငွေထားကုန်တာထားလိုက်ပါဦး....လောလောဆယ်ပင်လယ်တွင်းနေထိုင်ကျက်စားကြသော သတ္တဝါတွေဒုက္ခရောက်ကြသည်။ 
BP ကုမ္ပဏီသည်ကမ္ဘာပေါ်တွင်အလွန်ကြီးကျယ်၍စည်းကမ်းလည်းအလွန်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်းသူစင်္ကာပူတွင်လုပ်ကိုင်စဉ်ကသူတိုပသင်္ဘောကျင်းတွင် BP ကုမ္ပဏီမှ ရေနံတူးစင်တစ်ခုလာတည်ဆောက်ဖူးသဖြင့် ကြုံဖူးသည်။သူတို့ရေနံစင်တည်ဆောက်ရာတွင်အာရှမှပစ္စည်းကိုမသုံး၊ငွေကုန်ကြေးကျခံကာ သူ့နိုင်ငံမှမှာယူသည်။သံပြားများကအစအပ်အဆုံး ရေမထိ၊လေမထိ မိုးကာနှင့်ပက်ကင်ပိတ်လာသည်။ သူတို့ရေနံစင်တည်ဆောက်နေစဉ်အတွင်း Safety (လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး)နှင့် Q.C (လုပ်ငန်းအရည်အသွေးထိန်းချုပ်မှု့)ကိုသူတို့ကိုယ်တိုင်အုပ်ချုပ်သည်။ နည်းနည်းလေးမှအမှားမခံ။ အလုပ်သမားကိုခြေဆုံးခေါင်းဆုံးကြည့်သည်။ Safety မျက်မှန်အောက်သို့နည်းနည်းလျော့ကျနေတာတို့၊ Ear Plug မတပ်ထားတာတို့လောက်နှင့်ပင် ထိုအလုပ်သမား၏ရင်ဘတ်မှာချိတ်ဆွဲထားသော အလုပ်လုပ်ခွင့်ကဒ်ပြားကိုသိမ်းသွားတော့သည်။ ကျနော်မလေးရှားက BP မှာလုပ်စဉ်ကတော့ ထိုကဲ့သို့ပေါ့လျော့တာဖမ်းမိလျှင် ကဒ်ပြားကိုအပေါက်ဖောက်လိုက်ပါတယ်။ တစ်လအတွင်းသုံးပေါက်ဖောက်ခံရပါက Project ဆိုဒ်အတွင်းသို့ပင်အဝင်မခံတော့ပါ။ (သဘောကအလုပ်မှအပြီးတိုင်ထုတ်ပယ်အရေးယူလိုက်ခြင်းဖြစ်ပါသည်.။) စကားချပ်။  တစ်ပတ်အတွင်းမှာသုံးခါဆက်တိုက်လောက် 'မိ' လျှင်တော့ သူ့ပရောဂျက်မှာလုပ်ခွင့်မရှိတော့။ BP သည်အလုပ်လုပ်ရာတွင်စနစ်ကျသလို 'ဆု' ပေးရာတွင်လည်းရက်ရောသည်။အမှတ်တရလက်ဆောင်ပစ္စည်းများ၊မကြာခဏပေးတတ်သလို မိတ်ဆုံစားပွဲများလည်းလုပ်ပေးလေ့ရှိသည်။ ကမ်းလွန်ရေနံတူးစင်များတည်ဆောက်ရာတွင် သူအလုပ်လုပ်သောကုမ္ပဏီသည်နာမည်ကြီးတာကြောင့်ကမ္ဘာကျော်ရေနံကုမ္ပဏီများနှင့်ရေနံထွက်သော နိုင်ငံများမှ (ဘရာဇီးလ်၊အာရပ်စော်ဘွားများ) ပရောဂျက်များလာရောက်အပ်နှံကြသော်လည်း BPလောက် လက်ဆောင်ပစ္စည်းများများမရဖူးပေ။အခုတော့ BP ကုမ္ပဏီခမျာဒေဝါလီခံရဖို့သာကျန်တော့သည်။ ဘယ်လောက်ပဲအင်အားကြီးတဲ့သူဖြစ်ပါစေ ပျက်ချိန်တန်လျှင်ပျက်ရသည်မှာဓမ္မတာ။ တစ်ချိန်ကနေမဝင်အင်ပါယာနှင့်အတူတန်ခိုးအာဏာကြီးထွားခဲ့ပြီး နယ်ချဲ့ကိုလိုနီများနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သောBOCကုမ္ပဏီ၏မျိုးဆက်သစ်သည်လည်း အတိတ်မှဝဋ်ကြွေးရှိလျှင် သူ့ခေတ်မှာပေးဆပ်ရတော့မည်။ ထို့ကြောင့်အလွန်ရခဲတဲ့လူ့ဘဝရောက်တုန်း ''ဝဋ်ကြွေး'' မတင်မိစေရန်အထူးဂရုစိုက်နေရသည်။






အခုတော့သူပင်လယ်ကိုချစ်တတ်နေပါပြီ။ 
ကုန်းပေါ်ကငါးတွေထက်ရေထဲကငါးတွေကိုပိုပြီးချစ်တတ်နေပါပြီ။ အိပ်မရတဲ့ညညတွေဆိုပင်လယ်ကလည်းသူ့ကိုကလေးတစ်ယောက်လိုပုခက်ထဲမှာအိပ်ရသလိုချော့သိပ်သည်။ ကမ်းကိုလွမ်းတဲ့နေ့ဆိုရင်လည်းသူ့အတွေးတွေပြေးပြေးထွက်သွားတတ်တဲ့မိုးကုတ်စက်ဝိုင်းကို ''မွန်ဆွန်'' ရာသီနှင့် ဖွက်ဖွက်ထားတတ်သည်။ ''မွန်ဆွန်'' ကဘယ်လိုပင်ဖွက်ထားဖွက်ထားမိုးမှုန်မှုန်လေးတွေ မြင်လိုက်တာနှင့်ငယ်ငယ်ကတည်းကနားထဲစွဲခဲ့သောသီချင်းတစ်ပုဒ်ကနားထဲဝင်လာသည်။ 

''ဘယ်ဝယ်ဆီ...မှန်းဆကာ...တမ်းတကာ....လွမ်းရပါသည်''
''(ဘယ်ဝယ်..ဘယ်ဝယ်)ဆီ...မှန်းဆကာ.....တမ်းတကာ....လွမ်းရပါသည်''

ဒီလောက်ပဲတိတိကျကျစာသားကိုရသည်..ကျန်တာတွေကဝါးတားတား။

''ငှက်အသွင်...တောင်ပံတပ်မည်...မိုးလေးလေးမှိုင်းလို့....ဧရာဝတီ...မိုးလေးလေးမှိုင်းလို့.....ဧရာဝတီ ....သက်သေညွှန်းဆိုပြုမည်...''

ဧရာဝတီကိုစပ်ဆိုထားသောသီချင်းလားမသိ။သီချင်းထဲမှာဧရာဝတီပါသည်၊စစ်ကိုင်းတောင်ပါသည်၊ သူတို့ငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့သောအိမ်သည် ဧရာဝတီမြစ်နှင့်မဝေးလှ။ ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုလျှင်မြစ်ရေသည်သူတို့နှင့်လက်တစ်ကမ်းအကွာထိရောက်လာတတ်သည်။ ရေကျပြီးမြစ်ပြင်ကျဉ်းသည့်နွေရာသီရောက်လျှင်ညညဆိုထိုသီချင်းသံက မြစ်တစ်ဖက်ကမ်းမှသူ့နားထဲရောက်ရောက်လာတတ်သည်။ပီပီသသတော့မဟုတ်။ လေကြောင်းသင့်ခိုက်သာတိုးညင်းစွာကြားရပြီးအသံကပျောက်သွားလိုက်၊ပေါ်လာလိုက်နှင့်။ ပြတ်တောင်းပြတ်တောင်းသီချင်း........................။
ထို့ကြောင့်ယခုအချိန်ထိထိုသီချင်းကိုပြတ်တောင်းပြတ်တောင်းပဲရသည်။ ဘာပဲဖြစ်ဖြစ်မြစ်ပြင်ကိုဖြတ်သန်းပြီး ကြားရသည့်သီချင်းကိုသူစွဲမက်ခဲ့သည်။ပူအိုက်လှသောအညာနွေညများတွင် မြစ်ကမ်းဘေးလေညှင်းခံရင်းကောင်းကင်မှကြယ်လေးတွေကြည့်ကာတစ်ဖက်ကမ်းမှသီချင်းသံကို နားစိုက်ထောင်ရသည့်အရသာကိုခုချိန်ထိသူမမေ့။
ဧရာဝတီကသူ့ကို ထိုကဲ့သို့ ငယ်စဉ်ကတည်းကနူးညံ့သောအနုပညာကိုဝါသနာပါစေခဲ့ရုံမျှမက ကျောင်းမှာသင်ရသော ''ဟိုဖက်ကမ်းမှမီးထိန်ထိန်၊ ဒီဖက်ကမ်းကမီးထိန်ထိန်'' ကဗျာလေးကို သူ့ရင်ထဲရောက်အောင်၊ခံစားတတ်အောင်သင်ပေးခဲ့သည်။ ထို့ပြင်ငယ်ငယ်ရွယ်ရွယ်နှင့်ရေကူးတတ်အောင်လည်းအထောက်အကူပြုခဲ့သည်။ ရေကူးတတ်ခြင်းသည်မိမိကိုယ်မိမိယုံကြည်မှု့ရှိအောင်အထောက်အကူပြုသည် ဟုသူယုံကြည်သည်။ သူ့အပေါ်ဧရာဝတီ၏သင်ပြမှု့ကဒီလောက်တင်မဟုတ်..ကျောင်းပြေးပြိးကမ်းပါးဘေးမှာ ဝတ္ထုတစ်အုပ်နှင့်တစ်နေကုန်ထိုင်ဖတ်တတ်အောင်လည်းကူညီသည်။ ထိုအချိန်ကစွန့်လွှတ်စွန့်စားချင်စိတ်တွေလွှမ်းမိုးနေသည့်ငယ်ရွယ်နုပျိုချိန်ဆိုတော့ သူဖတ်သည့်စာအုပ်များကလည်း ''မြန်မာပြည်မြောက်ပိုင်းမှတိုက်ပွဲများ'' အကြောင်း.....။
လူကဧရာဝတီမြစ်ဘေးမှာရှိနေပေမယ့်စိတ်ကရေအလျင်အတိုင်းဆန်တက်ကာမြစ်ရဲ့အစ မေခနှင့်မလိခ၊ ကချင်ပြည်နယ်ကိုရောက်နေတတ်သည်။ဒီလိုနှင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝဆိုတဲ့အဓိပ္ပယ်ကိုရှာဖွေစွန့်စားဖို့ ဧရာဝတီကိုကျောခိုင်းစွန့်ခွါထွက်လာခဲ့ပါသည်။ ကံကောင်းထောက်မစွာစစ်တိုက်ပွဲတွေကြားမှာမကြီးပြင်းခဲ့ရသလို၊ ကံမကောင်းထောက်မ မစွာ ဘဝတိုက်ပွဲများတွင်ရှုံးနိမ့်ခြင်းများစွာ............။အခုချိန်မှာတော့ ဧရာဝတီမြစ်အပါအဝင် အခြားမြစ်များရဲ့ စီးဆင်းရာလမ်းဆုံး(ပင်လယ်)ထဲမှာသူရောက်နေပေမယ့် ငယ်စဉ်ကဧရာဝတီကို သူလွမ်းနေဆဲ..။





အပြောကျယ်တဲ့ပင်လယ်ထဲမှာနေရပေမယ့်စိတ်ကနွားခြေရာခွက်ထဲကဖားသူငယ်လိုခံစားနေရပါသည်။ မိုးဖွဲဖွဲလေးတွေကျတဲ့နေ့ကလည်းသင်္ဘောပေါ်ကရဟတ်ယာဉ်ကွင်းဘေးမှာ သူမိုးခိုနေခိုက်ကွင်းပတ်ပတ်လည်ရှိရေမြောင်းပေါ်မှာနှုတ်သီးချွန်ချွန်ငှက်တစ်ကောင် ယောင်ပေယောင်ပေနှင့်တောင်လျှောက်လိုက်၊မြောက်လျှောက်လိုက်လုပ်နေတာကို ထိုင်ကြည့်နေရင်းငယ်ငယ်ကအိပ်ယာဝင်ပုံပြင်လည်းဟုတ်၊လားရှိုးသိန်းအောင်ရဲ့သီချင်းလည်းဖြစ်တဲ့ ''ဆင်သေကောင်နှင့်ကျီးငှက်ငယ်'' သီချင်းကိုကြားယောင်နေမိပြန်သည်။ ဆယ်သက်စားမကုန်ဟုအထင်နှင့်ဆင်သေကောင်ပေါ်ယစ်မူးကာအသေဖက်တွယ်ထားသဖြင့် ဘဝနေဝင်ချိန်မှာပြန်လမ်းမရှိတော့တဲ့ငှက်ကျီးပုံဘဝအကြောင်း၊ ''လောဘ'' သည်ပြန်လမ်းမရှိအောင် ထွက်ပေါက်များပိတ်ထားတတ်၏။ဒီငှက်ကတော့ဆင်သေကောင်နှင့်ပါလာသည့်ပုံစံမဟုတ်..။ ဆင်သေကောင်ကိုလိုက်ရှာနေသည့်ငှက်များလား..။တချို့ကလည်းသိသိကြီးနှင့် ထွက်ပေါက်အပိတ်ခံချင်ကြသည်။ထိုငှက်ကိုကြည့်ရသည်မှာကုတ်ချောင်းချောင်းနှင့်အစာရှာဖို့ အားထုတ်သည့်ပုံမပေါ်။မိုးရေကြောင့်စီးဆင်းနေသောရေမြောင်းကိုကြည့်ပြီး ကုန်းပေါ်မှသူနေထိုင်ကျက်စားခဲ့သောချောင်ေးမြာင်းတို့ကိုလွမ်းဆွေးသတိရနေသည့်ပုံ..။ ငှက်အဖြစ်ကိုကြည့်ပြီးသူကိုယ်ချင်းစာမိသည်။သူစင်္ကာပူမှာနေထိုင်စဉ်တုန်းက ထိုနိုင်ငံရှိစနစ်တကျတည်ဆောက်ထားသောရေမြောင်းများကိုကြည့်ရင်းရွာမှချောင်းတို့၊မြောင်းတို့ကို လွမ်းဆွေးခဲ့ဖူးသည်မဟုတ်လား။မွေးရပ်မြေကိုမည်သူမဆိုချစ်တတ်ကြသည်။ သဘာဝတောတောင်အလှတွေများစွာရှိသည့်မြန်မာပြည်သားတွေအတွက်က သူများတွေထက်ပိုမည်။ ထို့ကြောင့်သူပင်လယ်ထဲရောက်တာတစ်လပင်မပြည့်တတ်သေးသော်လည်း ကုန်းမြေပြင်ကိုလွမ်းနေမိသည်။ အသက်လေးဆယ်ကျော်ယောင်္ကျားရင့်မာကြီးသူ့အဖြစ်ကို အသက်ဆယ့်ခြောက်နှစ်သာရှိသေးပေမယ့်ပင်လယ်ထဲရွက်လှေသေးသေးလေးနဲ့ခုနှစ်လကြာ တစ်ကိုယ်တော်ကမ္ဘာပတ်ခဲ့သူအမျိုးသမီးငယ်သြစတေးလျသူ ဂျပ်စီကာဝပ်ဆန်သာသိလျှင် ရယ်နေမလားမသိ။ သူတို့ဆီမှာဆယ့်ခြောက်နှစ်လောက်နဲ့ရင့်ကြတ်နေလိုက်ပုံများ၊ ကျနော်တို့ဆီမှာတော့မိဘအအုပ်အထိန်းကောင်းမှု့ကြောင့်ဆယ့်ခြောက်နှစ်ကျော်သည့်တိုင် အိမ်အပြင်ကိုတစ်ယောက်ထဲ မထွက်ရဲကြတဲ့သူတွေကအများသား...။
(ဆင်လှ)




မဟေသီရုပ်စုံမဂ္ဂဇင်း အမှတ် ၃၁၀ OcT မှကူးယူတင်ပြပါသည်။

ခင်မင်လေးစားစွာဖြင့်
ချင်းကလေး







9 Responses
  1. စံပယ်ချို Says:

    ကလေးဘ၀ကအဲဒီသီချင်းနားထောင်ခဲ့ဖူးတယ်
    မေမေတို့ကလားရှိုးသိန်းအောင်ကိုအရမ်းကြိုက်တယ်လေ
    ဂျင်မီဂျက်လို့လဲသူ့ကိုခေါ်ကြတယ်နော်.....
    မျှစေပေးလို့ကျေးဇူးပါနော်...

  2. Angelhlaing(May everybody be happy and healthy! Says:

    ကျေးကျေးမောင်လေးရေ....:):)

  3. KMC@ချင်းလေး Says:

    @မမဂျပ်စ်..လားရှိုးသိန်းအောင်ကို ဂျင်မီဂျက်လို့ခေါ်တာလား?ကျနော်ကြားဖူးပါတယ်.. @မမအိန်ဂျယ်လ်..ကျနော်ကဘာမှမရင်းနှီးရဘူးလေ..ဇာတ်အိမ်ဖွဲ့တည်တဲ့သူကိုကျေးဇူးတင်ရမှာပါ. ကျနော်ကကော်ပီရေးလိုက်တာ.:P.. အားလုံးကိုကျေးဇူးတင်ပါတယ်ဗျို့

  4. Candy Says:

    စာလေးဖတ်သွားတယ်နော်.. အင်းဟုတ်တယ်.. သူများနိုင်ငံတွေမှာ ငယ်ငယ်လေးနဲ့ ပိုရင့်ကျက်ကြတယ်.. ကန်ဒီတို့လို မဟုတ်ဘူး.. :(

  5. အိမ်မက်စေရာ Says:

    ပင်လယ်ကြီးကြောင်း ပင်လယ်ထဲက လူအကြောင်းဖတ်ရင်းနဲ့ အဖေ့ကို သတိရလို့ ငိုတောင်ငိုချင်သွားတယ်..( ဟင့် အဲ့ဒါ ကိုချင်းကြောင့် မီး နိုလိုက်တော့မှာ) ...အဖေက ပင်လယ်ကို ချစ်တဲ့သူလေ...

  6. အိမ်မက်စေရာ Says:
    This comment has been removed by the author.
  7. KMC@ချင်းလေး Says:

    @ညီမချိုချဉ်ပြောတာကွက်တိပါပဲဗျာ...ကျနော်ဆိုခုထိအိမ်လွမ်းရင်ငိုချင်လာတုန်းပဲ...(အ ဟင့်) @ညီမအိပ်မက်ရေ...ပါပါးကိုသတိရအောင်လုပ်မိလို့နိုချင်မိသွားတယ် ဆိုရင်နိုသာနိုလိုက်ညီမရေ...(အားပေးတယ်) လာလည်တာကျေးဇူးတင်ပါတယ်နော်။

  8. mstint Says:

    ချင်းကလေးရေ စုံစုံလင်လင် ဖတ်သွားပြီနော် မျှဝေပေးတာ ကျေးဇူးပါကွယ်။
    စိတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  9. KMC@ချင်းလေး Says:

    ကြည်နူးစရာဆုပေးတဲ့အန်တီခုဘဝလိုပဲဘဝဆက်တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးချမ်းချမ်းနေသွားနိုင်ပါစေဗျာ.

abcs