ညပြာပြာရဲ့ပန်းသီး

လူတွေကပြောကြတယ်။ပန်းသီးမစားဖူးတဲ့ကလေးတစ်ယောက်ဟာ ပန်းသီးကိုဘယ်တမ်းတမလဲတဲ့။ပန်းသီးရဲ့အဓိပ္ပါယ်ကိုသူမှမသိတာပဲတဲ့လေ..။
တကယ်ပဲမှားယွင်းခဲ့တယ်..။အကြီးအကျယ်ပဲပေါ့။လူတွေကသူတို့သိသလောက်ပဲပြောခွင့်ရှိကြတယ်လေ..။ သူတို့မှာသိတာထက်ပိုတဲ့ပြောပိုင်ခွင့်မှရှိမနေတာပဲ..။  
သူတို့မသိတာက အဲဒီပန်းသီးနဲ့ကလေးတစ်ယောက် ဘယ်လိုပတ်သက်ခဲ့သလဲဆိုတာကိုပေါ့..။  
မေတ္တာတရားနဲ့တူတဲ့အဲဒီပန်းသီးကိုကလေးငယ်တစ်ယောက်ဟာချစ်မက်စွာစားသုံးခဲ့ဖူးတယ်ဆိုတာ
ပြောပြချင်ပါတယ်..။


ဟိုးအဝေးကြီးမှာပေါ့..။ဘယ်တော့မှမမေ့နိုင်တဲ့ညတစ်ညရှိခဲ့ဖူးတယ်..။ညကသိပ်မှောင်လွန်းနေသလား..။ မမြင်ရပါဘူး.။ ပုခက်ထဲမှာအိပ်မောကျဖို့
ကြိုးစားနေတဲ့ကလေးရဲ့မျက်ဝန်းထဲမှာသူ့မေမေရဲ့တေးသံကအလွန်လှပစွာ အသက်ဝင်လို့..။  မေမေဟာသူ့အတွက် နတ်သမီးတစ်ပါးဖြစ်ခဲ့တယ်..။
မေမေ့ရဲ့အသံဟာကလေးကိုရောင်စုံပန်းခင်းတွေထဲပွေ့ဖက်ခေါ်ငင်တယ်..။ ကလေးရဲ့မျက်ဝန်းထဲအမှောင်တိုက်တစ်ခုမကြီးစိုးခင်မှာပဲရုတ်တရက်မွှေး
ကြူတဲ့ အထိအတွေ့နဲ့အတူမျက်ရည်တွေစွန်းထင်းကုန်တယ်..။ ရှိုက်သံစွက်တဲ့စကားသံတွေက ဟိုးအဝေးကလာနေသလို ကလေးရဲ့အသိမှာမှုန်ဝါး
နေပေမယ့်သဲကွဲနေခဲ့တယ်..။

သမီးလေးရယ်...
သမီးငယ်လေးရယ်.....
မေမေ့ကိုခွင့်လွှတ်ပါ.........
သမီးကိုမေမေပြန်လာခေါ်မယ်နော်...
မေမေ့သမီးလေးအိပ်တော့နော်.............
အရာအားလုံးမှောင်အတိကျသွားခဲ့ပါတယ်...။




မနက်မိုးလင်းလင်းချင်းကလေးငယ်သတိထားမိခဲ့တာက သူ့မေမေရဲ့သိမ်မွေ့တဲ့လက်တစ်စုံအစား ကြမ်းရှသန်မာတဲ့ဖေဖေ့ရဲ့လက်တွေနဲ့ထွေးပွေ့ မ,ချီ
ယူခဲ့တာကိုပဲပေါ့..။ဖေဖေရဲ့မျက်ဝန်းတွေကနေဝန်းကြီးလိုရဲရဲနီလို့..။ ဖေဖေကငိုထားတာလား..။ ကလေးရဲ့သိမှု့နယ်ပယ်နဲ့ဝေးသီခေါင်ဖျားလွန်းတဲ့အ
ဖြစ်အပျက်တွေကအဲဒီမနက်မှာပဲတစ်ခုစီပြန့်ကျဲနေခဲ့တယ်..။မေမေရောလို့မမေးခဲ့ပါဘူး..။ တစ်အိမ်လုံးအလုပ်တွေရှုပ်ခတ်နေကြတယ်။ကျောင်းသွား
ဖို့ပြင်နေတဲ့မမရဲ့မျက်နှာလည်းမကောင်းဘူး.....။မျက်နှာလေးငယ်ငယ်နဲ့ဘွားဘွားလုပ်ပေးသမျှ တုတ်တုတ်တောင်မလှုပ်ရဲပဲထိုင်ကြည့်နေရှာတဲ့မမကိုငေးကြည့်တော့ ညီမလေးရယ်ဆိုပြီးကလေးကိုပွေ့ချီတယ်..မမရဲ့အသံကတိုးတိုးလေးပဲ..။လူကြီးတွေမကြားနိုင်အောင်ပြောတယ်...။ မေမေမရှိတော့ဘူး...ထွက်သွားပြီတဲ့..။ 
အဲဒီစကားတွေကိုကလေးငယ်တစ်ယောက်ရဲ့အသည်းထဲထိစွဲနေအောင်ပြောခဲ့တာ မမပေါ့..။ အဘွားရဲ့ကြမ်းရှတဲ့စကားသံတွေ
ကိုတော့ကလေးကနားလည်ဖို့စောနေခဲ့သေးတယ်..။ဒေါသတကြီးအော်ဟစ်နေတဲ့အဘွားရဲ့စကားသံတွေက မေမေ့တေးဆိုသံလိုလည်းမသာယာ၊နတ်သမီးလေးနဲ့လည်းမတူပါဘူး..။ ကလေးရဲ့နားထဲမှာမခံမရပ်နိုင်အောင်ပဲ..။ဘာကြောင့်မှန်းမသိ ထငိုလိုက်တဲ့ကလေးကိုဖေဖေနဲ့ကျောင်းသွားခါနီး မမက
ပြေးချီချော့မော့ကြတယ်..။ခဏပဲငိုပါတယ်..။ဖေဖေနဲ့မမကိုသနားလို့လေ..။ ကလေးရဲ့အသိစိတ်ထဲစွဲနေခဲ့တယ်..။ နောက်နေ့တွေမှာဖေဖေ၊မမနဲ့သာအ
တူတကွနေထိုင်ရတော့မှာလို့....။

မေမေကကလေးကိုပန်းသီးတစ်လုံးတိတ်တိတ်လေးပေးသွားတာဘယ်သူမှမသိခဲ့ဘူး..။ 
လူတွေအားလုံးက ကလေးဟာမေတ္တာငတ်သတဲ့..။နို့စို့အရွယ်နဲ့
အမေရဲ့စွန့်ပစ်ခြင်းကိုခံရသတဲ့..။အဲဒီညပြာပြာမှာ မေမေပေးခဲ့တဲ့ပန်းသီးတစ်လုံးရဲ့အဓိပ္ပါယ်ဘယ်သူ့ကိုမှဖွင့်ဟမပြောပဲနေခဲ့တယ်..။ကလေးငယ်ငယ်က
တည်းကတိတ်ဆိတ်ရတဲ့အရသာကိုကြိုက်တယ်..။လျှို့ဝှက်နေထိုင်ရတာကိုမက်မောတယ်..။ လူတွေပြောချင်ရာပြောကြတာကိုတိတ်တိတ်လေးကြိတ်ပြီး
ရယ်ရတာကိုနှစ်သက်တယ်..။တကယ်တော့လူတွေဟာသနားဖို့သိပ်ကောင်းတယ်..။ သူတို့ကိုယ်သူတို့အကုန်သိတယ်၊တတ်တယ်လို့ထင်နေကြတယ်..။
သိအောင်လည်းလိုက်လုပ်ကြတယ်..။ဒါပေမယ့်သူတို့တကယ်သိသွားကြတာကတော့ အပေါ်ယံဆန်ဆန်၊အတင်းအဖြင်းဆန်တဲ့စကားမျိုးတွေကိုပဲ.....။
တကယ့်အမှန်တရားစစ်စစ်မဟုတ်ဘူး..။လူတွေအမှန်တရားကိုမတွေ့နိုင်ကြတော့တာကလည်း အဆန်းတော့မဟုတ်ပါဘူး....။ သူတို့ရဲ့စိတ်နှလုံးတွေက
ညစ်နွမ်းနေကြတာကိုး...။မေတ္တာတရားရဲ့အကြောင်းကိုတကယ်မသိတာကသူတို့ပဲ...။ မဖြူစင်တဲ့သူတို့ရဲ့စိတ်နှလုံးကမေတ္တာတရားနဲ့မှမထိုက်တန်တာကိုး.
ဒီလိုနဲ့ကလေးဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့ကြီးပြင်းခဲ့ရတယ်....။ဖေဖေနဲ့မမကလွဲရင်ဘယ်သူနဲ့မှစကား မပြောတဲ့ကလေးကိုလူတွေကကရုဏာသက်ဟန်နဲ့ပြစ်တင်ရှုတ်ချကြတယ်..။ လူတိုင်းရဲ့ရင်ထဲထွင်းဖောက်မတတ်စိုက်ကြည့်တတ်တဲ့ကလေးရဲ့မျက်ဝန်းတွေကိုတော့ သိပ်ရိုင်းသတဲ့လေ..။

''ရိုင်းမှာပေါ့..အမေ့ရင်ခွင်နဲ့ဝေးပြီးမေတ္တာငတ်တဲ့ကလေးကိုးးးးးတဲ့''

ကြောက်စရာကောင်းလိုက်တာ..။သူတို့ကသာမေတ္တာတရားအကြောင်းနားမလည်ကြတာ...၊ မိခင်ရင်ငွေ့နဲ့ဝေးဝေးကြီးပြင်းခဲ့ရတဲ့ကလေးတို့ညီအစ်မအပေါ်ရိုင်းပြကြတာ...။

''နင်တို့ရဲ့အမေကို .......ဆိုတဲ့'' စကားကိုကလေးငယ်ငယ်တည်းကအသည်းစွဲအောင်ကြားခဲ့ရတာ..။မေတ္တာငတ်တဲ့၊ခိုကိုးရာမဲ့တဲ့ ကလေးတို့ညီအစ်မကို
''နင်တို့လည်း.............'' အဲလိုစကားတွေနဲ့ရိုင်းခဲ့၊ကြမ်းခဲ့ကြတာတွေကို ကလေးကကျောခိုင်းတတ်ခဲ့တာပေါ့..။တကယ်တော့ကလေးရဲ့မေမေကနတ်သမီး
လေးပါ..။မေမေ့ရဲ့အသံကသိပ်သာတယ်..။မေမေ့ရဲ့မျက်လုံးတွေကဖြူဖွေးပြီးကြည်စင်လွန်းတယ်...။
ပြတင်းပေါက်လေးတွေလိုပဲလင်းလင်းကျင်းကျင်းနဲ့...။
မေမေ့ရဲ့အထိအတွေ့ကလည်းသိမ်မွေ့နူးညံ့လွန်းလိုက်တာ..ဝါဂွမ်းဖတ်လေးတွေလိုပဲ..။ ဘယ်တော့မှစကားကျယ်ကျယ်မပြောဘူး..။သီချင်းဆိုချိန်ကလွဲလို့
ဘယ်တော့မှကြမ်းကြမ်းတမ်းတမ်းတွေမပြောခဲ့ဘူး..။ကလေးသိတာပေါ့.။မေမေဟာနတ်သမီးဆိုတာ..။ မေမေဆိုတဲ့သီချင်းတစ်စတောင် ကလေးမှတ်မိနေသေးတာပေါ့..။

''မေမေ့ခြေရာနင်းတဲ့ အလှကြိုက်တဲ့သမီးငယ်ရယ်.''...ဆိုတာ....။ တခါတလေအဲဒီသီချင်းကိုတိုးတိုးညည်းတော့ကြားဖြစ်အောင်ကြားသွားတဲ့အဘွားက
ခုနှစ်သံချီတက်ပြီးအော်တယ်လေ..။

''အမလေး.....လေး..။အရပ်ကတို့ရေ.ကြားလို့မှတော်ပါရဲ့လား..။ဘဲမလိုမွေးပြီးစွန့်ပစ်သွားတဲ့အမေကို တ,နေသတဲ့..။အမေ့ခြေရာနင်းဦးမတဲ့တော်.......။''
အဘွားအော်ရင်သိပ်မုန်းတာပဲ..။ဆိုးဝါးလိုက်တာ..။ကလေးကပိုပြီးတိတ်ဆိတ်ငြိမ်သက်သွားတယ်..။ လူတွေနဲ့ဝေးဝေးမှာနေတယ်..။စကားမပြောတော့ဘူး.။
လိုအပ်သလောက်ပဲပြောဆိုတဲ့အခါ  ရန်လိုတဲ့ကလေးတဲ့..။တချို့ကတော့ သနားစရာကောင်းသတဲ့..။မေတ္တာတရားအကြောင်းကိုနားမလည်ဘူးတဲ့လေ...။
သူတို့ပြောကြတာကတော့ ''ပန်းသီးမစားဖူးတဲ့ကလေးဟာ ပန်းသီးရဲ့အရသာကိုဘယ်သိမလဲတဲ့..။ဒါကြောင့်ရိုင်းတာတဲ့...။''

ကလေးကမျက်နှာကိုမော့လှန်ပြီးအော်ဟစ်ရယ်မောတဲ့အခါ မမကစိတ်မကောင်းတဲ့မျက်နှာလေးငယ်ငယ်နဲ့ကြည့်ရှာတယ်..။ 
ညီမလေးရယ်  လူတွေကဒီလိုပါပဲလို့နှစ်သိပ်မယ်..။ မမကတော့ကလေးလိုမဟုတ်ဘူး...။သူ့မျက်နှာဝိုင်းဝိုင်းလေးတွေကို..ဆံပင်တွေနဲ့အုပ်ကာလို့ မျက်ရည်တွေပေါက်ပေါက်ကျအောင်ငိုရင်းမေမေ့ကိုတ တယ်..။မေမေရယ်  သမီးတို့ညီအစ်မကိုမြန်မြန်လာခေါ်ပါတော့လို့...တိုးတိုးလေးပြောရှာတယ်..။ကလေးကတော့မငိုဘူး..။ မေမေတနေ့ပြန်လာခေါ်မှာသိပြီးသား..။မေမေကပြောခဲ့တယ်လေ  သမီးလေးကိုပြန်လာခေါ်မှာတဲ့.....။

ကလေးတို့ညီအစ်မရဲ့ဘဝမှာမေမေသာရှိနေရင်ဘယ်လိုတွေဖြစ်မယ်ဆိုတာမတွေးတတ်အောင်ပါပဲ..။ ပတ်ဝန်းကျင်ရဲ့တီးတိုးအတင်းစကားတွေကိုမခံရခင်အချိန်မှာ
ဘွားဘွားကိုယ်တိုင်ကမေမေ့ကိုနေ့တိုင်းအပြစ်တင်စကားပြောတယ်....။ ဘွားဘွားပြောသလိုမဟုတ်ဘူးး.မေမေကနတ်သမီးလေးလို့ပြန်ပြောတော့ကလေးအရိုက်ခံ
ခဲ့ရတယ်..။လူတွေအမှန်တရားကိုမသိတဲ့အကြောင်းကလေးနားလည်ခဲ့မိတာကြာပါပြီ...။ ညပြာပြာနဲ့ပန်းသီးတစ်လုံးကို သူတို့တွေ့အောင်မရှာနိုင်ကြဘူး..။သူတို့ရဲ့အမြင်
မှာမေမေကရက်စက်တဲ့မိန်းမ...။ကလေးကမေတ္တာတရားရဲ့အရသာကို နားမလည်တဲ့သူ..။မခံစားခဲ့ရသူ..တဲ့..။မေတ္တာတရားအကြောင်းကို ကလေးကပိုသိသူဖြစ်ပြီး
မေမေကအလွန်ကြင်နာတတ်သူတစ်ယောက်ဖြစ်ကြောင်းသိစေချင်လိုက်တာ......။

မေမေရေ...
မေမေရေ...
မေမေရေ...
အဲဒီညက ကလေးရဲ့လက်ထဲပန်းသီးလေးတစ်လုံးရောက်လာပုံက လှလွန်းတယ်..။နှစ်တွေကြာလှပြီ..။ဘယ်တော့မှမရိုးနိုင်ခဲ့ဘူး..။ကြင်နာတတ်တဲ့မေမေ့ရဲ့ကြယ်တာ
ရာမျက်ဝန်းတွေ၊မေတ္တာငွေ့နွေးနွေးနဲ့လွှမ်းခြုံထားလိုက်တာခုထိနွေးထွေးနေတုန်းပဲ...။ မေမေ့ရဲ့အသံဟာချိုခဲ့လိုက်တာ...ဘဝတစ်ခုလုံးတောင်လုံခြုံလို့ ပြန်လာခေါ်မှာတဲ့လားမေမေ.........။
မငိုပါနဲ့မေမေရယ်...။အဲဒီတော့မှလူတွေကို ကလေးကရင်ကော့ပြီးပြောမယ်......ညပြာပြာမှာသိပ်ချစ်ရတဲ့ ပန်းသီးတစ်လုံး ရှိနေခဲ့ဖူးတဲ့ အကြောင်းကိုပေါ့..။

အေးမွန်
အမှတ်(၃၁၀)မဟေသီမဂ္ဂဇင်း





ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
2 Responses
  1. စံပယ်ချို Says:

    ပန်းသီး ဖီလင်ကိုခံစားလိုက်ပါတယ်...
    ချမ်းမြေ့ပါစေနော်....

  2. အိမ်မက်စေရာ Says:

    အစ်ကိုပျောက်နေတယ်လားလို့.ခုတော့ ပေါ်လာပြီပေါ. လာလည်တာကျေးဇူးပါ..ကလေးလေးရဲ့ နေရာက ဝင်ရောက်ခံစားသွားပါတယ်..ရင်ထဲကို တည့်တည့်ဝင်တဲ့ မိခင်မေတ္တာဖွဲ့လေး အရမ်းနှစ်သက်မိပါတယ်... များများရေးနိုင်ပါစေ..

abcs