ရယ်ကြရအောင်ဗျာ

တချက်ရယ်လိုက်ရင် တစ်ရက်အသက်ပိုရှည်တာလား ! တစ်ရက်မှာဆယ်ခါပြည့်အောင်ရယ်မောလိုက်ရင် တစ်ရက်အသက်ပိုရှည်တာလား ! ဆိုတာသေချာမရေရာပေမယ့် ရယ်မောခြင်းဆိုတာလူနဲ့ သဟဇာတဖြစ်စေပြီး စိတ်ကိုပေါ့ပါးရွှင်လန်းစေတယ်၊ သောကတွေကို မေ့ဖျောက်နိုင်စွမ်းတယ်ဆိုတာကတော့ သေချာရေရာတယ်ဆိုတာအားလုံးလက်ခံကြမှာပါ..။ ဒါကြောင့်လည်းကျနော်အားတုန်းက လိုက်ဖတ်ထားမိတဲ့ ရယ်မောဖွယ်ရာ ဟာသလေးများကို စုစည်းတင်ပြလိုက်တာပါ..။ ဖတ်မိတဲ့သူငယ်ချင်းတွေခေတ္တခဏ သောကအပူတွေပြေပျောက်ပြီး ကိုယ်စိတ်နှလုံးရွှင်လန်းနိုင်ကြပါစေလို့ ဆန္ဒလေးလည်းပြုလိုက်ပါတယ်ဗျာ..။
















အောက်မှာဖော်ပြထားတဲ့ ဟာသအတိုအထွာလေးများကို အာလူးဘလော့ဂ် မှကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။...။ ခုလိုကျေကျေနပ်နပ်ကူးယူခွင့်ပေးတဲ့ အာလူးဘလော့ဂ်မှ ကိုအာလူးကို ကျေးဇူးအထူးတင်ရှိပါကြောင်းဤနေရာလေးမှ ပြောကြားပါရစေနော်..။ 





၁။  ။ မဖြစ်နိုင်လို့ပါ
ရဲစခန်းသို့ တိုင်ချက်တစ်ခုဝင်လာသည်။

ကျွန်တော့်အသက်အန္တရာယ်ရှိနေလို့ ကယ်ပါဦး

ဟုတ်ကဲ့ အမှုဖြစ်ပုံလေးပြောပါဦး

ကြောင်ဆိုးကြီးတစ်ကောင် ပြတင်းပေါက်ကကျော်ဝင်လာလို့ပါ

ဟာဗျာ ဒါများ တုတ်နဲ့ရိုက်ထုတ်လိုက်ပေါ့

အဲဒီလိုရိုက်ထုတ်ဖို့က မဖြစ်နိုင်လို့ပါ

ဟင် ... ဘာဖြစ်လို့

ကျွန်တော်က ကြက်တူရွေးလေ ......

၂။  ။ အမြန်ပိန်ချင်လို့
ဆေးခန်းတစ်ခုတွင် အလွန်ဝသော အမျိုးသမီးလူနာတစ်ယောက် လာပြသည်။

လူနာ - အမြန်ပိန်ချင်လို့ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲ ဆရာ

ဆရာဝန် - ခေါင်းကို ဘယ်ညာ မှန်မှန်ယမ်းပေးပါ

လူနာ - တစ်နေ့ ဘယ်နှစ်ကြိမ်လောက် လုပ်ရမှာလဲဆရာ

ဆရာဝန် - အစာစားဖို့ခေါ်တဲ့အခါတိုင်း လုပ်ပေးပါ ......

၃။  ။ မှားပါတယ်
လမ်းပျောက်နေသူလူတစ်ယောက်မှာ ကတ်သီးကတ်သတ်ပြောတတ်သော
အခြားလူတစ်ယောက်ကိုတွေ့လေရာ ...

ဒီလမ်းက ဘယ်ကိုသွားတာလဲ ... နောင်ကြီး

လမ်းက မသွားပါဘူး။ ခင်ဗျားသာလမ်းပေါ် သွားနေတာ မဟုတ်လား

မေးသူမှာ စိတ်ပျက်သွားပုံဖြင့် ... ကျုပ်ကလမ်းမှားနေတယ်ထင်လို့

လမ်းကတော့မမှားနိုင်ပါဘူး။ ခင်ဗျားပဲမှားချင်မှားမှာပေါ့

`အမ်´ ......

၎။  ။ ဘာသာပြန်
တစ်ခါက အရာရှိတစ်ဦးနှင့် တပည့်ဖြစ်သူတို့မှာ ရွာစဉ်လှည့်၍ အလုပ်လုပ်ရ၏။
အရာရှိမှာ အစားအသောက်ကိစ္စကို တိုက်ရိုက်ပြောလေ့မရှိသောကြောင့်
တပည့်ဖြစ်သူက အမြဲဘာသာပြန်ရ၏။ ရွာတစ်ရွာအရောက်တွင်
ဒီနေ့တော့ ဘာမှထွေထွေထူးထူးလုပ်မနေနဲ့၊ ကြည့်ကျက်သာ လုပ်လိုက်ကြဟု ပြောသည်။

တပည့် ဖြစ်သူက အဲဒါ ကြက်သားဟင်းချက်ခိုင်းတာဗျဟု ရှင်းပြရ၏။
ထိုကဲ့သို့ရွာစဉ်လှည့်၍လာခဲ့ကြရာ အရာရှိက ဝယ်ဝက်သာချက်လိုက်ပါကွာဟု ဆိုလျှင်
တပည့်ဖြစ်သူကရွာသားများအား ဝက်သားချက်ခိုင်းတာဟု ပြောပြရ၏။
ဘာဘဲချက်ချက်ပေါ့လေ ဆိုလျှင် တပည့်က
အဲဒါ ဘဲသားချက်ခိုင်းနေတာဗျ ဟု ရှင်းပြကာ ရွာအဆက်ဆက်စီစဉ်ချက်ပြုတ်ရ၏။

သို့သော် နောက်ဆုံးရွာအရောက်တွင်ကား အရာရှိက
ဒီနေ့ညတော့ နားနားနေနေပေါ့ကွာ၊ ရက်ရက်ရောရောတွေတော့မလုပ်ကြနဲ့၊
မြန်မြန်လေး ကြည့်ကျက်ကြော်လိုက်ကြ ဟု အမိန့်ရှိသဖြင့် တပည့်ဖြစ်သူက
စဉ်းစဉ်းစားစား ဘာသာပြန်ပြီး ရွာသားများအားပြောလိုက်ပုံက

အဲဒါ အရောအနှောမပါတဲ့ တောအရက်စစ်စစ်နဲ့ ကြက်ကြော်မြည်းမယ်ပြောတာဗျ၊
ကဲအမြန်စီစဉ်လိုက်ကြ ဟူသတည်း။ ......

၅။  ။ ရွှေဘိုသားကွ
တစ်ခါက မီးရထားဘူတာရုံတစ်ခုတွင် ခရီးသည် အမျိုးသားတစ်ဦး အထုပ်ထမ်းပြီး
ရထားပေါ် သို့တက်လာသည်။ ရထားပေါ်တွင်ထိုင်စရာနေရာ
မရှိလောက်အောင် ခရီးသည်များ ပြည့်ကျပ်နေသည်။

သူတက်လာတာ ကို ဘယ်သူမှနေရာဖယ်မပေး၍ မကျေနပ်။
အဲဒီတော့ ပါလာတဲ့ အထုပ်ကလေးကို ရှေ့မှာချ၊ ဟိုကြည့် ဒီကြည့်လုပ်ပြီး
ရွှေဘိုသားကွ၊ တစ်ယောက်တည်းလာတာဟု အသံမာမာဖြင့်
သုံးလေးခွန်းလောက် လှည့်ပတ်အော်ပြောနေသည်။ မည်သူမှ နေရာဖယ်မပေး။

ခဏကြာတော့ ထိုင်နေတဲ့ ခရီးသည်တွေထဲက အရပ်ခြောက်ပေကျော်လောက်ရှိတဲ့
အသားညိုညို မိုက်တိုင်စန် ပုံစံ ကိုလူထွားကြီးက ထလာပြီး
ရွှေဘိုသားတစ်ယောက်တည်းလာတော့ဘာ ဖြစ်သလဲကွဟု
နေရာကထပြီး ဒေါနဲ့မောနဲ့ ပြောလိုက်သည်။

အဲဒီတော့ အထုပ်ကလေးနဲ့ တက်လာတဲ့ ခရီးသည် အမျိုးသားပြောလိုက်တာက
တစ်ယောက်တည်းလာတော့ အားငယ်တာပေါ့ဗျာ ... တဲ့။ ......

၆။  ။ မြေ၀ယ်မကျ
မြို့သို့သွားပြီး အလုပ်လုပ်ချင်နေသောသမီးလေးအား မိဘနှစ်ဦးမှာမည်သို့မှတားမရသဖြင့်
သွားခွင့်ပြုလိုက်သည်။ မြို့မှထွက်ကာနီးတွင် မိခင်ဖြစ်သူကသမီးလေးအား
သမီးရယ်မြို့ရောက်ရင် သမီးချစ်သူထားရင်တော့ထားပေါ့ကွယ်
ဒါပေမယ့် သမီးချစ်သူကို သမီးအခန်းထဲမခေါ်ပါဘူး ဆိုတဲ့ကတိတော့
အမေ့ကိုပေးပါလားကွယ်။ သမီးသာအဲလိုသမီးချစ်သူကို
အခန်းထဲခေါ်တယ်လို့သတင်းကြားရင် မေမေရင်ကျိုးမှာအမှန်ပဲကွယ်
ဟုသမီးဖြစ်သူအားစိုးရိမ်စွာပြောလေသည်။

သမီးထွက်သွားပြီးရက်သတ္တပတ်အကြာတွင် သားအမိနှစ်ဦး
ဖုန်းပြောဖြစ်ကြသည်။ သမီးလေး သမီးချစ်သူကို သမီးအခန်းထဲမခေါ်ဘူးနော်
ဟုတ်တယ်မဟုတ်လား သမီးလေး။

အိုအမေကလည်း .. ခေါ်စရာလား မေမေဒီလောက်မှာထားတာ လုံးဝမခေါ်ဘူး။
သမီးပဲသူ့အခန်းကိုသွားလိုက်တယ် သူ့အမေပဲရင်ကျိုးမှာပေါ့ မေမေရယ်။ ......

၇။  ။ ကလေးအတွေး
ကျွန်မ၏မိတ်ဆွေ မိသားတစ်စုသည် အခန်းကျဉ်းကျဉ်းကလေး၌ နေနေရာမှ
ကျယ်ဝန်းလှသော အိမ်တစ်အိမ်သို့ ပြောင်းရွှေ့သွားကြလေသည်။
တစ်နေ့တွင် ထိုမိသားစု၏ဆယ်နှစ်အရွယ် သားဖြစ်သူနှင့် တွေ့သဖြင့် ကျွန်မက မေးလိုက်သည်။

ဘယ်လိုလဲကွ၊ အိမ်သစ်မှာနေရတာ အဆင်ပြေရဲ့လား။

ဟာ သိပ်အဆင်ပြေတာပဲ ဒေါ်ဒေါ် ကျွန်တော်ဆိုရင် အခန်းတစ်ခန်းရတယ်။
ပြီးတော့ မမတို့အတွက်လဲ တစ်ယောက်တစ်ခန်းစီ ရတယ်။
ဒါပေမယ့် ဒေါ်ဒေါ်ရယ် မေမေကတော့ သနားဖို့ကောင်းပါတယ်၊
ဖေဖေနဲ့ အခန်းတစ်ခန်းထဲမှာ အတူနေနေရတယ်။ ......

၈။  ။ သွားနှုတ်ခ
သွားနှုတ်ခအဖြစ် ငွေတောင်းစာရောက်လာသောအခါ အမျိုးသမီးတစ်ဦးသည်
သွားဆရာဝန်ထံ ဖုန်းဆက်၍ မေးလေသည်။

ကျွန်မအတော်ပဲ အံ့ဩသွားတာပဲရှင်၊ ခါတိုင်းထက် သွားနှုတ်ခက သုံးဆတောင် ကျနေပါလား။

ဟုတ်ပါတယ်၊ ခင်ဗျားကို ကျွန်တော်သွားနှုတ်ပေးနေတုန်းက ခင်ဗျားအော်လိုက်တာ
ကျွန်တော့်လူနာ နှစ်ယောက် ထွက်ပြေးသွားကြတယ်လေ။ ......

၉။  ။ လင်နဲ့မယား
ခင်ပွန်းဖြစ်သူသည် အလုပ်မှပြန်လာရာ အိမ်တစ်အိမ်လုံး ရှုပ်ပွနေသဖြင့် မေးလိုက်လေသည်။

ဟ ... ဘာတွေဖြစ်လို့ ဒီလောက်တောင် ရှုပ်ပွနေရတာလဲ။

ထိုအခါ ဇနီးသည်က ပြန်ပြောလိုက်သည်မှာ ...

ရှင်ပဲ ကျွန်မကို တစ်နေ့လုံး ဘာတွေလုပ်နေသလဲ အမြဲတမ်းမေးတယ် မဟုတ်လား။
ဒါကြောင့်မို့ ဒီနေ့တော့ ဘာမှ မလုပ်ပဲ နေနေလိုက်တာလေ ... ဟွန့်။ .......

၁၀။  ။ ကံဆိုးပုံက
လေယာဉ်ပျံ ပေါ်ကာစ အချိန်ကပေါ့။
လူတစ်ယောက်က ကံကောင်း လို့ လေယာဉ်ပျံ စီးခွင့်ရတယ်တဲ့။
ကံဆိုး တော့ လေယာဉ် ပျက်ကျတယ်တဲ့။
ကံကောင်း တော့ လေထီး ပါလာတယ်။
ဟော ... ကံဆိုး တော့ လေထီး က မပွင့်ဘူး။
နောက် ... ကံကောင်းတော့အောက်မှာ ကောက်ရိုးပုံအကြီးကြီးတွေ့တယ်။
ကံဆိုးချင်တော့ ကောက်ရိုးပုံမှာ ဝါးချွန်တွေ ထောင်ထားတယ်။
ကံကောင်းချင်တော့ဝါးချွန်ကြီးနဲ့ လွဲသွားတယ်။
ကံဆိုးချင်တော့ကောက်ရိုးပုံပေါ်ပါမကျတော့ဘူးတဲ့။
သေရော။ ......

၁၁။  ။ သောက်လို့ မရလို့
ဖေဖေ၊ ဒီ ဟင်းချို သား သောက်လို့ မရဘူး
ဟေ့ စားပွဲထိုး၊ နောက် ဟင်းချိုတမျိုး ငါ့သားအတွက် ယူခဲ့
ဒီ ဟင်းချိုလဲ သောက်လို့ မရဘူး ဖေဖေ
ဟေ့ ဒီမှာ ငါ့သားဖို့ နောက် ဟင်းချိုတမျိုး ယူခဲ့ဦးကွ
ဒါလဲ သားသောက်လို့ မရပြန်ဘူး ဖေဖေ
ငါ့သား၊ မင်း ဘာဖြစ်နေတာလဲ
ဟင်းချို သောက်ဖို့ ဇွန်းမှ မပါတာ ဖေဖေရ။ ......

၁၂။  ။ မနောက်တတ်ဘူး
တနေ့မှာ ရုရှားအမတ်ရယ်၊ပြင်သစ်အမတ်ရယ်၊အမေရိကန်အမတ်ရယ် ၃ ယောက်
အစည်းအဝေးကနေလေယာဉ်နဲ့  ပြန်လာတုန်း အမေရိကန် တိုက်လေယာဉ်တစ်စီးတက်လာပြီး
အမတ်တွေစီးလာတဲ့လေယာဉ်ရှေ့တည့်တည့်ကပျံလာတော့ ရုရှားအမတ်ရယ်
ပြင်သစ်အမတ်ရယ်က ထပြေးကြတာပေါ့။

ဒါနဲ့အမေရိကန်အမတ်က စိတ်မပူပါနဲ့  ကျွန်တော်တို့အမေရိကန်လေသူရဲတွေက
ကျီစားတတ်တယ်တဲ့ တကယ်ပဲတိုက်လေယာဉ်က ကပ်ကပ်လေးရောက်တော့
ရှောင်သွားတယ်။ ပြီးတဲ့နောက် ပြင်သစ်တိုက်လေယာဉ်တစ်စီးထပ်တက်လာတယ်။
ဒီတော့ ရုရှားအမတ်ရယ်အမေရိကန်အမတ်ရယ် ထပြေးပြန်ရော။
အဲတော့ ပြင်သစ်အမတ်က စိတ်မပူပါနဲ့  ကျွန်တော်တို့ ပြင်သစ်လေသူရဲတွေက
ကျီစားတတ်တယ်တဲ။ ပြင်သစ်တိုက်လေယာဉ်ကလည်းရှောင်သွားပြန်ရော။

အဲ ... နောက်ဆုံးတော ရုရှားတိုက်လေယာဉ် တက်လာတဲ့အခါမှာတော့
ပြင်သစ်အမတ်ရယ်၊ အမေရိကန်အမတ်ရယ်က ရုရှားလည်းပညာပြတယ်ပေါ့ 
ဆိုပြီးအေးဆေးပဲထိုင်နေတာပေါ့။ အဲအချိန်မှာ ရုရှားအမတ်ကလေထီးဝတ်ပြီး
ခုန်ချဖို့ ပြင်လိုက်ပြီးပြောတယ်။ ကျွန်တော်တို့ ရုရှားလေသူရဲတွေက
ဘယ်တော့မှ နောက်နောက်ပြောင်ပြောင်မရှိဘူးတဲ့။ သေပြီဆရာ။ ........

၁၃။  ။ လာကြိုတာမဟုတ်
မီးရထားဘူတာရုံတခု၌ ဇနီးသည်အား ယောကျာ်းဖြစ်သူက လာကြိုသည်။
ယောကျာ်းဖြစ်သူသည် သုန်မှုန်နေသည်ကို တွေ့ရသဖြင့် ဇနီးသည်က ပြောလိုက်သည်။

ရှင်က ပြုံးတောင်မှ မပြုံးနိုင်ပါလား၊ ဟိုဘက်ကစုံတွဲကို ကြည့်စမ်းပါ၊
ကြင်နာနေလိုက်တာ၊ ဘယ်လောက်များ ပျော်စရာကောင်းသလဲ။

ဟ...ဒီယောကျာ်းက သူ့မိန်းမကို လိုက်ပို့တာကွ၊ လာကြိုနေတာ မဟုတ်ဘူး။ ......

၁၄။  ။ ပိန်သွားပြီ
ပြောသူ။ ။ ကျုပ်မိန်းမတော့လေ ပိန်ချင်ဇောနဲ့ တစ်နေ့တစ်နေ့
မြင်းပေါ်ကမဆင်းဘဲ တစ်စီးတည်းစီးနေတော့တာပါပဲ။

မေးသူ။ ။ အဲသလိုစီးတော့ ကော ထူးခြားလို့လား။

ပြောသူ။ ။ ထူးတာပေါ့ဗျာ ... ထူးဆိုသူစီးနေတဲ့မြင်းကတော့
(၁၀) ပေါင်တိတိ သိသိသာသာ ပိန်ကျသွားတော့တာပဲဗျို့။ ......

၁၅။  ။ ဘာမှမဖြစ်ဘူး
အရူးထောင်တွင်ဖြစ်၏။

အရူးနှစ်ယောက် စစ်တိုက်တမ်း ကစားနေရာမှ အရူးတစ်ယောက်က
ကျန်အရူး၏ ဦးခေါင်းကို တုတ်နှင့် အားရပါးရ လွှဲရိုက်လိုက်၏။
ထိုအခါ အရိုက်ခံရသော အရူးက ဟားဟား မင်း တုတ်နဲ့ရိုက်တာ
လောက်တော့ ဘာဖြစ်မှာလဲကွ။ ငါက အခုတင့်ကားထဲမှာဟုဆိုလိုက်၏။ .......

၁၆။  ။ ငါတောင် မအော်ဘူး
ရေနစ်နေသူတစ်ယောက် အော်ဟစ် အကူအညီတောင်းနေတုန်း
ရေနစ်နေသူ။ ။ကယ်ကြပါဦး ကယ်ကြပါဦးဗျို့။ ကျုပ်ရေမကူးတက်လို့ဗျ။
ကုန်းပေါ်မှလူ။ ။ဟိတ်လူ ဘာလို့ အော်နေတာတုန်းဗျ ကျုပ်ဆို
တယောမထိုးတက်ဘူး ဒါပေမယ့် ခင်ဗျားလိုတော့ အော်ဟစ်ပြီး
ကြေငြာမောင်းခတ်မနေဘူး။ ......

၁၇။  ။ စိတ်ပေါက်လာပြီ
တစ်ခါက ရွာတစ်ရွာမှာ ဝက်မွေးတဲ့ ဦးလှဆိုသူရှိလေသည်။

တစ်နေ့သော် သူ၏ ဝက်ခြံထဲသို့ လူတစ်ယောက် ရောက်ရှိလာပြီး
သူ့ကိုမေးလေသည်။ ဗျို့ ဦးလှ ခင်ဗျားဝက်တွေကို ဘာတွေကျွေးသလဲဗျ။
ထိုအခါ ရိုးသားသော ဦးလှသည် ကျုပ်ကတော့ ဖွဲတို့ ပြောင်းတို့
မတတ်နိုင်ပါဘူးဗျာ။ ဈေးထဲက ဟင်းရွက်စိမ်းတွေနဲ့
စားကျွင်းစားကျန်တွေပဲ ကျွေးတာပေါ့ဗျာလို့ဆိုသတဲ့။
ထိုအခါ မေးသူက ကျွန်တော်ဟာ တိမွေးကု က အရာရှိဘဲ၊
ဒီလို ညစ်ပတ်တဲ့ အကြွင်းအကျန်တွေကျွေးတာ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။
ဒီတော့ ဒါဏ်ကြေး ၅ ထောင်ပေးရမယ်ဆိုသတဲ့။

နောက်တစ်ပတ်လောက်လည်းကျရော နောက်ထပ်လူတစ်ယောက်ရောက်လာပြီး
ပုံစံတူမေးပြန်တယ်။ ထိုအခါ ဦးလှက ဒီတစ်ခါတော့ဘာရမလဲဆိုပြီး
ကျုပ်လား ကျုပ်ဝက်တွေကို အမဲပြုတ်ကျွေးတဲ့ အခါကျွေး၊ ကြက်စွပ်ပြုတ်ကျွေးတဲ့အခါကျွေး
တာပေါ့ဗျာ။ နေ့တိုင်းတော့ အသားတစ်ခွက်ပါအောင်ကျွေးတာပေါ့။
တစ်ခါတစ်လေ ဝက်တွေ နည်းနည်းပိန်လာရင် နွားနို့ နဲ့
ထောပတ်တောင်ကျွေးသေးဆိုပြီး ဒါဏ်ရိုက်မခံရအောင်ပြောလိုက်သတဲ့။

ထိုအခါ ထိုသူက ဒီမှာ ဦးလှ ကျုပ် စားနပ်ရိက္ခာစောင့်ကြည့်လေ့လာရေးအဖွဲ့က
တာဝန်ခံပါ၊ ကမ္ဘာ အရပ်ရပ်မှာ ငတ်ပြတ်လို့သေကုန်တဲ့သူတွေရှိနေတာတောင်
ခင်ဗျားက ဝက်ကို နွားနို့တိုက်သလေးဘာလေးနဲ့၊ ပေး ဒါဏ်ငွေ ၅ ထောင် ဆိုပြီးတောင်းသတဲ့။

နောက်တစ်ပတ်ကြာတော့ နောက်တစ်ယောက်လာပြီးမေးပြန်ရော။
ဒီတစ်ခါ ဦးလှ စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ပုံမှာကတော့ ...

ကျုပ်မှာ ဝက်တွေကို အစာကျွေးဖို့ မအားဘူးဗျ။ ဒါကြောင့် တစ်နေ့
မနက် နဲ့ ညစာအတွက် တစ်ကောင်ကို ၅၀၀ ပေးပြီးသူတို့ဘာသာ
သူတို့ကို သွားဝယ်စားခိုင်းလိုက်တာပဲ။ ......

၁၈။  ။ ညစ်ပုံက
တစ်ခါက ဖရဲသီးစိုက်တဲ့ ယာခင်းတစ်ခုမှာ ရွာက ကာလသားတွေ
လာလာခိုးစားတတ်တာကို ယာခင်းပိုင်ရှင်က စိတ်ဆိုးသတဲ့။ အဲဒါနဲ့
အကြံထုတ်တော့ ယာခင်းထဲမှာ ဆိုင်းဘုဒ်ကပ်ထားလိုက်တယ်။

ဖရဲခင်းထဲက ဖရဲသီးတစ်လုံးဟာ ပြင်းထန်တဲ့ အဆိပ်ထည့်ထားတယ်။

ကာလသားတွေကလည်း မြင်တော့ ဘယ်ခိုးစားရဲတော့မတုန်း။
ယာပိုင်ရှင်လည်း ဖရဲသီးပျောက်တာ မတွေ့တော့တာနဲ့ ပျော်နေတာပေါ့။

ဒါနဲ့ ကာလသားတွေလည်း ညစ်ညစ်နဲ့ ဆိုင်းဘုဒ်အောက်က နေရာလွတ်မှာ
ဖြည့်စွက်ချက် ဆိုပြီး ထည့်လိုက်ကြတယ်။

နောက်တစ်နေ့လည်းရောက်ရော ယာခင်းပိုင်ရှင်က သူ့ဆိုင်းဘုဒ်ကိုဖတ်ကြည့်လိုက်တော့
တစ်ခါတည်းပက်လက်လန်သွားပါလေရော။ ဆိုင်းဘုဒ်မှာ ရေးထားတာက

ဖြည့်စွက်ချက်။ ။ အခု အဆိပ်ရှိတဲ့ ဖရဲသီးက နှစ်လုံးဖြစ်သွားပြီ။...........

၁၉။  ။ အားကျမခံ
ဟိုးရှေးရှေးတုန်းကပေါ့ ... တောင်ရွာ နဲ့ မြောက်ရွာ ၂ ရွာဟာ၊
သူတို့ နယ်က လှေပြိုင်ပွဲမှာ ဝင်ပြိုင်ကြမယ်လို့ ပြင်ကြတယ်။
ပထမဆုံး လှေထွင်းဖို့ သစ်လုံးရှာကြတော့ တောင်ရွာက အရင် တောထဲကို သွားကြတယ်။
သစ်ပင်ကောင်းကောင်း တပင်တွေ့တော့ တောင်ရွာက ခုတ်ပြီး အဖျားပိုင်းကို ယူသွားတယ်။
မြောက်ရွာကတော့ ငပျင်းတွေဆိုတော့ တောထဲကို နောက်မှရောက်လာပြီး၊
တောင်ရွာက ခုတ်ပြီးကျန်ခဲ့တဲ့ သစ်ပင် အရင်းပိုင်းကိုတွေ့တော့
အပင်ပန်းခံ ခုတ်မနေပါနဲ့တော့၊ ဒီမှာ ငါတို့ကံကြောင့် အဆင်သင့် ရတယ်ဆိုပြီး
အရင်းပိုင်းကို ယူလာကြတယ်။

အသီးသီး လှေထွင်းပြီး ပြိုင်ပွဲလဲရောက်ရော တောင်ရွာက လှေက ရှေ့ဆုံးက
ပန်းဝင်သွားတယ်။ လှေကလဲလေး လူကလဲပျင်းတဲ့ မြောက်ရွာကတော့ နောက်ဆုံးမှာပေါ့။
တောင်ရွာသားတွေက သူတို့လှေနာမည်ကို တပ်ပြီး ဒိုးကလေး ဒိုးကလေး
တိုင်းလုံးကျော်တဲ့ ဒိုးကလေးလို့ ကြွေးကြော်ကြသတဲ့။

အဲဒီမှာ မြောက်ရွာကလဲ အညံ့မခံပါဘူး။ တဖြတ်ထဲ တဖြတ်ထဲ
ဒိုးကလေးနဲ့ တဖြတ်ထဲ လို့အော်ကြသတဲ့၊ သူတို့ လှေ ၂စင်းက တပင်ထဲက ဖြတ်လာတာကိုး။ ..........

၂၀။  ။ အိပ်မက်မက်တယ်
ပထမလူ။ ။ ဟေ့သူငယ်ချင်းရေ ... ညက ငါ့အိပ်မက်ထဲမှာကွာ၊
မင်းက ချီးတွင်းကြီးထဲ ပြုတ်ကျသွားတယ်။ ငါကတော့ အချိုသကာတွေ၊
မလိုင်တွေအပြည့်ရှိတဲ့တွင်းကြီးထဲ ပြုတ်ကျသွားတယ်ဟေ့။

ဒုတိယလူ။ ။ အေးဟုတ်တယ်။ အဲဒီအိပ်မက် ငါလည်းမက်တယ်။
ပြီးတော့ ငါ့တို့ ၂ ယောက် တွင်းအပေါ်တက်ပြီးတော့ တစ်ယောက်ကိုယ်ကို
တစ်ယောက် လျှာနဲ့လျက်ကြတယ်လေ။ ......

၂၁။  ။ ဖိုင်နယ်မေးခွန်း
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာပေါ့ဗျာ စာအလွန်တော်တဲ့ ကျောင်းသား
လေးယောက်ရှိသတဲ့။ သူတို့က စာကလည်းတော်တယ်ဆိုတော့ အမှတ်တွေကလည်း
ပျံလန်နေတာပေါ့။ ပထမအစမ်းစာမေးပွဲတို့၊ ဒုတိယအစမ်းစာမေးပွဲတို့မှာလည်း
အမှတ်တွေက ထိပ်ဆုံးကပေါ့။ ဖိုင်နယ် စာမေးပွဲမှာ တော်ရုံတန်ရုံဖြေနိုင်ရင်ကို
ဂရိတ်အေ ရဖို့က သေချာနေပြီပေါ့။

ဆိုတော့ကာ သူတို့လေးယောက်က ဖိုင်နယ်စာမေးပွဲအတွက် သိပ်စိတ်မပူကြဘူးပေါ့။
ဖိုင်နယ်ဖြေခါနီးတစ်ပတ်အလိုမှာ သူများတွေ စာတွေကုန်းကျက်နေတုန်း
သူတို့လေးယောက်က အပျော်ခရီးထွက်ကြသတဲ့။ ဖိုင်နယ်စာမေးပွဲ
မတိုင်ခင်တစ်ညကျမှ ခရီးက ပြန်လာကြသတဲ့။ ပြန်လာတော့လည်း
အရက်တွေသောက်ပျော်ပါးကြတာ နောက်နေ့စာမေးပွဲဖြေခါနီးအချိန်ရောက်တော့
အကုန်လုံးခေါင်းတွေကိုက်ပြီး ဒုက္ခဖြစ်နေကြတာပေါ့။

ဒါနဲ့သူတို့လည်း တိုင်ပင်ကြတာပေါ့။ အေး ငါတို့သွားမဖြေဘဲနဲ့
နောက်နေ့ကျမှ ဆရာကို သွားပြောကြတာပေါ့။ ငါတို့ ခရီးကအပြန်
ကားဘီးပေါက်ပြီးစာမေးပွဲဖြေချိန် အမီပြန်မရောက်လို့ပါ။
ငါတို့ကို မိတ်ကပ်ဖိုင်နယ်စာမေးပွဲ(အကြောင်းကြောင်းကြောင့် အစားထိုး စစ်ပေးသောစာမေးပွဲ)
ပြန်စစ်ပေးပါဆိုပြီး သွားပြောမယ်ပေါ့။ အဲလို တိုင်ပင်ပြီးတော့ စာမေးပွဲမဖြေဘဲဆက်အိပ်ကြသတဲ့။

နောက်နေ့ကျတော့မှ သူတို့လေးယောက်လည်း ဆရာ့ဆီသွားပြီး ငိုပြကြတာပေါ့။
ဆရာရယ်ပေါ့ ကျွန်တော်တို့ ခရီးထွက်တာ အပြန်မှာ ကားဘီးပေါက်လို့
အချိန်မီ ပြန်မရောက်တာနဲ့ မဖြေလိုက်ရပါဘူးပေါ့။ ကျွန်တော်တို့ကို
မိတ်ကပ်ဖိုင်နယ် စာမေးပွဲ ဖြေခွင့်ပြုပါပေါ့။ ဆရာကလည်း ဒီကောင်တွေကို သိနေတာကိုး။
စာတော်တဲ့ကောင်တွေဆိုတော့။ ဆရာက ခဏစဉ်းစားပြီးတော့
ဘာမှမမေးဘဲနဲ့ အေးအေး တပည့်တို့ မနက်ဖြန်ကျရင် မိတ်ကပ်စာမေးပွဲ
လာဖြေလေကွယ် ဆိုပြီး ရက်ချိန်းပေးလိုက်သတဲ့။ အဲဒါနဲ့ လေးယောက်သား ပျော်ပြီး ပြန်လာကြတာပေါ့။

တစ်ညနေလုံး၊ တစ်ညလုံးစာတွေကျက်ပြီး ရယ်ဒီပေါ့ဗျာ နောက်နေ့မနက်ကျတော့။
ချိန်းထားတဲ့အချိန်ရောက်တော့ ဆရာ့ဆီလည်းရောက်ရော ဆရာက
သြော် မင်းတို့ မိတ်ကပ်စာမေးပွဲ ဖြေဖို့လာကြတာလား လာကြ၊ လာကြ ဆိုပြီး
သူတို့လေးယောက်ကို အခန်းလေးခန်းထဲမှာ ခွဲထည့်လိုက်ပြီး မိတ်ကပ်စာမေးပွဲမေးခွန်းနဲ့
အဖြေလွှာစာရွက်ကို ပေးသတဲ့။ ဒီမောင်တွေကလည်း စာကရပြီးသားဆိုတော့ အေးဆေးပေါ့။
မေးခွန်းကို စကြည့်လိုက်တော့ ပထမဆုံးမေးခွန်းက ၅ မှတ်တန်ပေါ့။
လွယ်လွယ်လေးပါပဲ။ ၄ ယောက်လုံးပြုံးပြုံး ပြုံးပြုံးပေါ့ သူတို့
သက်ဆိုင်ရာအခန်းထဲမှာလွယ်လွယ်ကူကူဖြေနိုင်တာပဲ။
ဒုတိယ မေးခွန်းကို လှန်လိုက်တော့မှပဲ သူတို့ ချွေးပြန်တော့တာပဲ။
ဒုတိယမေးခွန်းက ဒီလိုလေ။

မေးခွန်း(၂) သင်တို့ အပြန်တွင် ကားဘီးပေါက်ရာ၌
ပေါက်သောကားဘီးသည် ကား၏ မည်သည့်ဘီး ဖြစ်သနည်း။ (၉၅ မှတ်)

(ကိုဒုက္ခပြောပြသည်) ......

၂၂။  ။ ဒါကြောင့်ကိုး
ကျွန်တော် ဖွံ့ဖြိုးရေးလုပ်ခဲ့စဉ်က ကချင်ပြည်နယ်က ရွာတစ်ရွာကို ရောက်ခဲ့ပါတယ်။
ကျွန်တော်တို့တွေ မျိုးဆက်ပွားသားဆက်ခြားပညာပေးအစီအစဉ်တွေ လုပ်တာပေါ့လေ။
ကချင်ရွာတော်တော်များများတွင် ခရစ်ယာန်များ ၉၉ ရာခိုင်နှုန်းဖြစ်ပါသဖြင့်
ရွာဘုရားကျောင်းမှာ လူတွေစု။ ပြီးတော့ မျိုးဆက်ပွားအကြောင်းကို စမယ်လုပ်တာပေါ့လေ။

ဒါနဲ့ နည်းပညာအကြံပေးဆရာဝန်မလေးက စပြီးမေးပါတယ်။ ရွာမှာကလေးတွေ
တစ်မိသားစုကို ဘယ်လောက်ရှိတယ်။ ဘယ်လောက်ပဲ ရှိသင့်တယ်။
ဒါမှ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဖူလုံနိုင်မယ်။ ဘာညာပေါ့ဗျာ။
ဖိန့်ဖိန့်လုပ်ပြီး တော်ကင်ပွားတာပေါ့။ ပြီးတော့ ဆရာမက မေးတယ်။
ဘာဖြစ်လို့ကလေးတွေ များနေတာလည်းသိလားပေါ့။ ဆရာမ မျှော်လင့်တာက
စနစ်တကျ သားဆက်မခြားတတ်လို့၊ ဘာလို့ပေါ့လေ။ ဒါပေမယ့် ရွာက
 အမျိုးသမီးကြီးတစ်ယောက်ပြောလိုက်တာကဒီလို။

ကလေးတွေများဆိုတော့ ရွာမှာ မီးမှမလာတာ၊ မီးမလာတော့
အိပ်ရာစောစောဝင်တာကနေစတော့တာပါပဲ တဲ့။ ကဲ ... ကောင်းရော။ ......

၂၃။  ။ သုံးပုံသုံးနည်း
ကျွန်တော်တို့ကွန်ဒုံးတွေ စတင်ဖြန့်ချိတုန်းက အိပ်ခ်ျအိုင်ဗွီ နဲ့
မျိုးဆက်ပွားသားဆက်ခြား ပညာပေးဖို့ပါ။ ကျန်းမာရေးလုပ်သားတွေက
အဖွဲ့လိုက်ရွာတွေဆင်းပြီး ကွန်ဒုံးဘယ်လိုသုံးသလဲဆိုတာလက်တွေ့ပြကြတာပေါ့။
မြန်မာပြည်မှာက ရာဘာချောင်းအတုကရှားတော့။ ငှက်ပျောသီးကိုပဲ စွပ်ပြကြတာပေါ့။

ဒါနဲ့ တစ်နှစ်လောက်ကြာတော့ အဲဒီရွာပြန်ရောက်တော့ ဆရာ၊ဆရာမတို့ပေးတဲ့
ကွန်ဒုံးက အဆင်မပြေဘူးပေါ့။ ဒီမှာကြည့်ဆိုပြီး သူ့ဗိုက်ကိုထိုးပြတယ်။

ဟိုက် ဟုတ်ပ။ နောက်တစ်ဗိုက်တောင်ရနေပြီကော။
ဒီလို ကွန်ပလိန့်တွေများလာတော့ ရွာသားတွေပြန်စုပြီး အသုံးပြုပုံကိုမေးတော့
အများစုက ပြောလိုက်သည်မှာကား။

ဆရာ၊ဆရာမတို့ ကန်တော့နော် တဲ့။ ကျွန်တော်တို့ မသွားလာခင်မှာ
ငှက်ပျောသီးကို ဆရာ၊ ဆရာမတို့ပြောသလို သေသေချာချာစွပ်ပြီး
ဘေးမှာချထားပြီးမှ သွားလာတာ၊ အခုလိုဖြစ်လာတာပဲ တဲ့။

တစ်ချို့က ဆရာတို့ပြတဲ့အတိုင်း ခြံစည်းရိုးတိုင်မှာစွပ်ပြီးသွားလာတာလေ
ဆိုတဲ့သူတွေကလည်းရှိသေး။ တစ်ချို့ရွာမှာ ငှက်ပျောသီးမရှိ၍ အိမ်တိုင်တွင်
ကျွန်တော်တို့စွပ်ပြခဲ့မိကြပါသည်။.......

၂၄။  ။ ပြေးကြည့်က ဘေးတွေ့
တစ်ခါတုန်းက ငှက်သဘင် အစည်းအဝေးကို မောင်စာကလေး တယောက်
နောက်ကျပြီးမှ ရောက်လာပါတယ်။ ခေါင်းမှာလဲ ပတ်တီးနဲ့။ ငှက်ခေါင်းဆောင်
သိမ်းငှက်ကြီးက ဟ့ မောင်စာ ဘာဖြစ်လာတာလဲ။

မောင်စာကလေး။ ။ဒီနေ့မြို့ထဲသွားရင်း လေခဲပြင်နဲ့ တိုက်မိတာပါ။

ငှက်တွေအားလုံး အံ့ဩကုန်ကြတာပေါ့။

သိမ်းငှက်ကြီး။ ။မဟုတ်တာ မပြောနဲ့ လေခဲပြင်ဆိုတာမရှိပါဘူး။ ငါလုပ်လိုက်ရ။

မောင်စာကလေး။ ။မဟုတ်ပါဘူး ဆရာသိမ်း၊ ကျွန်တော် ဒီလမ်းကို ပျံနေကြပါ၊
အရင်က ဘာမှ မရှိပါဘူး။

သိမ်းငှက်ကြီး။ ။ဟေ့ မဖြစ်နိုင်ဘူး ငါတို့သွားကြည့်မယ်၊ မင်းအစည်းအဝေး
နောက်ကျလို့ ပေါက်ကရပြောတာလား၊ မင်းတို့ကို အလွန်အကျွံမသောက်ပါနဲ့
လို့မှာထားသားနဲ့။ အဲဒီလိုနဲ့ ငှက်အုပ်ကြီး ထွက်လာကြတာပေါ့။

မောင်စာကလေး။ ။ဒီနားကနေ ဖြတ်ပြီးဟိုဘက်ကို ပျံတာပါ။

သိမ်းငှက်ကြီး။ ။ကဲ ဘာရှိလို့လဲ၊ ငါပျံပြမယ်။

သိမ်းငှက်ကြီးလဲ ကောင်းကင် အမြင့်ကြီးကိုတက် လှလှပပ ဂျွမ်း ၃ ပတ်ထိုးပြီး၊
မောင်စာ ပြတဲ့ နေရာကို ဖြတ်ပျံလိုက်တာ `ဒိန်း´ သိမ်းငှက်ကြီးလဲ တခါထဲ
မေ့လဲ သွားလိုက်တာ၊ ငှက်အုပ်က မနည်းသယ်လာရတယ်။ ကိုကြီးဝံပို ပါလာပေလို့ပေါ့။

သူတို့မသိလိုက်တာက မောင်စာ ပျံနေကြလမ်းမှာ ဆောက်လုပ်ရေးဆိုဒ်က
အလုပ်သမားတွေက မှန်ချပ်ကြီး ခဏ လာထောင်ထားတာကိုပါ။

သင်ခန်းစာ ။ ပညာရှိများ ပြေးကြည့်က ဘေးတွေ့တတ်သည်။

(ကိုထက်ပြောပြသည်။) ........

၂၅။  ။ သင်ခန်းစာ
တစ်နေ့မှာပေါ့ဗျာ လက်ထောက်မန်နေဂျာရယ် မန်နေဂျာကြီးရယ်ဘော့စ်ရယ်
သုံးယောက် အစည်းအဝေးသွားဖို့ တူတူထွက်လာကြသတဲ့။
လမ်းမှာ အာလာဒင်မီးခွက်တစ်လုံး ကောက်ရကြသတဲ့။

အဲဒီမှာသူတို့ကလည်း မီးခွက်ကို ပုံပြင်ထဲကလို ပွတ်ကြသတဲ့။
ဘီလူးများ ထွက်လာမလားလို့ပေါ့။ တကယ်ပဲ ဘီလူးတစ်ကောင် ထွက်လာတယ်ဗျ။
ဘီလူးကလည်း သူတို့သုံးယောက်ကိုတွေ့ရော ကဲ ပုံမှန်ကတော့ မီးခွက်ကိုပွတ်တဲ့သူက
ဆု သုံးခုတောင်းခွင့်ရှိတယ်ပေါ့ ခက်တာက မင်းတို့က သုံးယောက်ဆိုတော့
တစ်ယောက်တစ်ခုတောင်းကြ ငါဖြည့်ဆည်းပေးမယ်လို့ ပြောသတဲ့။

အဲဒီမှာ ပထမဆုံး မန်နေဂျာကြီးက အော်သတဲ့ငါအရင်တောင်းမယ်ငါအရင်တောင်းမယ်လို့
ပြောပြီးတော့အခုချက်ချင်း ဘာလီကျွန်းမှာသွားအပန်းဖြေမယ်
ရွက်လှေတစ်စင်းနဲ့ အပူအပင်ကင်းကင်းရောက်အောင် ပို့ပေး လို့ ဆုတောင်းသတဲ့အဲဒီတော့

ဘီလူးကလည်း မောင်မင်း ဆုတောင်းပြည့်စေ လို့ ပြောလိုက်တာနဲ့ ရှူး ဆိုပြီး
မန်နေဂျာကြီး နေရာကနေ ပျောက်သွားသတဲ့ ဘာလီကျွန်းကို ရောက်သွားတာပေါ့လေ။

အဲ...မန်နေဂျာကြီးလည်း ပျောက်သွားရော လက်ထောက်မန်နေဂျာကြီးက
ငြိမ်မနေနိုင်တော့ဘဲ ထအော်သတဲ့ငါကတော့ ငွေဆောင်ကမ်းခြေကို
ခုချက်ခြင်းရောက်ပြီး မိန်းမလှလေးတွေ၊ အစားအသောက်၊ အရက်ပေါင်းစုံနဲ့ အပန်းဖြေချင်တယ်
လို့ ဆုတောင်းသတဲ့။ ဘီလူးကလည်းခုနလိုပဲ မောင်မင်းဆုတောင်းပြည့်စေ ဆိုပြီး ပြောသတဲ့။
အဲဒီအခါ လက်ထောက်မန်နေဂျာကြီးလည်း ရှူး ဆို ပျောက်သွားပြန်ရောပေါ့
ဆုတောင်းတွေပြည့်ကုန်ကြတာလေ။

နောက်ဆုံး ဘော့စ် တစ်ယောက်တည်းလည်း ကျန်ရော ဘီလူးက ဘာဆုတောင်းမှာလည်းပေါ့။
ဘော့စ်က အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်ကဲဘီလူးရေဟိုငတုံးနှစ်ကောင်ကို
ထမင်းစားချိန် ပြီးရင် ရုံးကိုပြန်လာဖို့ ပြန်ခေါ်လိုက်စမ်းပါတဲ့။

သင်ခန်းစာ ။ ဘော့စ်ကို ပထမဆုံး စကားပြောခွင့်ပေးရမည်။ သင် အရင်မပြောသင့်။

(ကိုဒုက္ခပြောပြသည်) ............

၂၆။  ။ ပါမောက္ခ
တစ်ခါကပေါ့ဗျာ ... ဆေးကျောင်းတစ်ကျောင်းမှာ ခန္ဓာဗေဒ ဘာသာရပ်သင်ကြားတဲ့
ပါမောက္ခတစ်ယောက်ရှိသတဲ့။ ခက်တာက ဒီပါမောက္ခက အတန်းထဲမှာ
တယ်ညစ်တီးညစ်ပတ် ဟာသတွေ ပြောတတ်သတဲ့။ မိန်းကလေး ကျောင်းသူတွေက
မကျေနပ်ကြဘူးပေါ့။ အဲဒါနဲ့ပဲ ဒီဆရာကို မကြိုက်ကြတဲ့ ကျောင်းသူတစ်စုက
တိုင်ပင်ကြသတဲ့။ ဒီဆရာ နောက်တစ်ခါ ညစ်တီးညစ်ပတ် ဟာသပြောရင်
ငါတို့ အားလုံး ဆန္ဒပြတဲ့ အနေနဲ့ အခန်းထဲကနေ ထထွက်သွားကြမယ်ပေါ့။
အားလုံးသဘောတူထားကြတာပေါ့ အဲဒီမိန်းကလေးအုပ်စုက ကျောင်းသူတွေက။

ဒီအကြောင်းကို ပါမောက္ခကလည်း ဘယ်ကဘယ်လိုကြားသွားလည်းမသိပါဘူး။
သူက တွေ့ကြသေးတာပေါ့ ဆိုပြီး ပြင်ဆင်ထားသတဲ့။ နောက်နေ့အတန်းထဲလည်း
ရောက်ရော ထုံးစံအတိုင်း စာသင်နေရင်းနဲ့ ရုတ်တရက် ထဖောက်တာပေါ့
ညစ်တီးညစ်ပတ်လေး ဟာသလေးနဲ့။

တပည့်တို့ရေဆရာဟာသတစ်ပုဒ် ပြောပြဦးမယ်ဒီလိုကွဲ့ အခု တစ်လော
ပြင်သစ်နိုင်ငံမှာ ပြည့်တန်ဆာတွေ မလုံလောက်ဘူး လို့ကြားတယ်ပေါ့။

ဒါပဲစပြောရသေးတယ် ဒီဆရာကို မကျေနပ်တဲ့ ကျောင်းသူ အုပ်စုက
တိုင်ပင်ထားတဲ့ အတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
အုပ်စုလိုက် အတန်းထဲကနေ ထထွက်ဖို့ပြင်ကြသတဲ့။ လေးငါးယောက်လောက်
တံခါးဝလည်း ရောက်ရောဆရာကအားရပါးရ ပြုံးပြီး ...

ဖြည်းဖြည်းပေါ့ကွယ် ပြင်သစ်သွားမယ့် နောက်လေယာဉ်က မနက်ဖြန်မှ ထွက်မှာပါတဲ့။

(ကိုဒုက္ခပြောပြသည်) ...........

၂၇။  ။ ပြောချင်တာက
အသက် ၉၀ အရွယ်ရှိ အဘိုးအို တယောက် ဆေးခန်းသို့ လာ၍ ဆရာဝန်အားပြောသည်။

အဘိုးအို ။ ။ ကျွန်တော့်မှာ အသက် ၁၈ နှစ်အရွယ် မိန်းမရှိပါတယ်ခင်ဗျာ။
အခု သူ ကိုယ်ဝန် ရှိနေလို့ပါဆရာ။ ဆရာ့ အနေနဲ့ ဘယ်လိုများ မြင်သလဲခင်ဗျာ၊

ဆရာဝန် သည် ခဏ တွေးတောပြီးနောက်

ဆရာဝန် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် တခုပြောပြမယ်နော်။
ကျွန်တော့မှာ အရမ်းခင်ရတဲ့ သူငယ်ချင်း တယောက်ရှိပါတယ်။
သူက အမဲ လိုက်ရာမှာ အရမ်း စိတ်အားထက်သန်တယ်ခင်ဗျ။
တနေ့ သူအမဲ လိုက်ဖို့လောလော လောလော နဲ့ထွက်သွားတုန်း ထီးရှည်တချောင်း ကို
အမဲပစ် သေနတ် အဖြစ်နဲ့ မှားဆွဲသွားပါတယ်။ တောထဲ ရောက်တော့ ယုန်လေး
တကောင် စမ်းချောင်းနားမှာ ထိုင်နေတာတွေတော့ စောစောက ယူလာတဲ့ ထီးနဲ့
တည့်တည့် ချိန်ပြီး သေနက် အောက်မေ့လို့ ပစ်လိုက်ပါတယ်။ အဲဒီ ထီးနဲတည့်တည့်
ချိန်ပြီး ပစ်လိုက်တယ် ဆိုရင်ပဲ ဒိုင်း ဆို တဲ့ အသံနဲအတူ ယုံကလေး သေနတ်
မှန်ပြီး သေသွားပါတယ်ခင်ဗျာ။ ဒီကိစ္စ ကို အဘိုးအနေနဲ့ဘယ်လို မြင်ပါသလဲခင်ဗျာ။

အဘိုးအို ။ ။ ဒါများ ဆရာရယ်။ ဒီကြား ထဲမှာ တယောက်ယောက်က ဆော်ထည့်လိုက်လို့နေမှာပေါ့။

ဆရာဝန် ။ ။ ဟုတ်ကဲ့ ကျွန်တော် ပြောချင်တာလဲ အဲဒါပါဘဲ ခင်ဗျာ။ ......

၂၈။  ။ တစ်ကောင်ကျွေး တစ်ကောင်လွှတ်
ဇီဝဗေဒပညာရှင် နှစ်ယောက်ဟာ တောတွင်းကွင်းပြင်တစ်ခုမှာ ဂရစ်ဇလီလို့ခေါ်တဲ့
အလွန်အပြေးမြန်တဲ့ ဝက်ဝံတွေကို သုတေသနလုပ်နေကြသတဲ့။ မထင်မှတ်ဘဲ
ဂရစ်ဇလီဝက်ဝံကြီးတစ်ကောင်ဟာ ချုံတွေဖြဲထွက်ပြီး သူတို့ဆီကို တန်းတန်းမတ်မတ်
လာနေပါလေရောလား။ သူတို့နှစ်ယောက်လည်း နီးရာသစ်ပင်တစ်ပင်ကို
ကုတ်ကပ်ဖက်တွယ်ပြီး တက်ပြေးကြတယ်။ အလိုလေး ဝက်ဝံကြီးကလည်း
သူတို့နောက်က ထပ်ချပ်မကွာ သစ်ပင်ပေါ်တက်လိုက်လာပါတယ်။

ရှေ့ကဇီဝဗေဒပညာရှင်က သူစီးလာတဲ့ တောင်တက်ဘွတ်ဖိနပ်ကြီးကို ဆွဲချွတ်တယ်။
ကျောပိုးအိတ်ထဲက အပြေးဖိနပ်အကောင်းစားကို ဆွဲထုတ်တယ်။ နောက်ကဇီဝဗေဒပညာရှင်က
ဇဝေဇဝါမျက်နှာနဲ့ကြည့်ပြီး ဟေ့လူဘာလုပ်တာလဲလို့မေးပါတယ်။

ကျုပ်ခန့်မှန်းချက်ကတော့ ဝက်ဝံကြီးကကျုပ်တို့ သစ်ပင်ပေါ်ကို မှီလာမှာပဲဗျ။
အဲ့ဒီအခါကျရင် သစ်ပင်ပေါ်ကခုန်ချပြီး ကျုပ်တို့ပြေးရလိမ့်မယ်လို့သူကပြန်ဖြေတယ်။

ခင်ဗျားအရူးလား။ အလွန်အပြေးမြန်တဲ့ ဂရစ်ဇလီဝက်ဝံလက်က လွတ်အောင်
ကျုပ်တို့ မပြေးနိုင်ဘူးဆိုတာ သိရဲ့သားနဲ့လို့ နောက်က လူကပြောတယ်။

ပထမလူရဲ့ အဖြေက ဒါပေါ့ဗျာ။ ကျွန်တော်လည်း ဝက်ဝံထက်မြန်အောင်
တော့မပြေးနိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားထက်မြန်အောင်ပြေးနိုင်မှာတော့သေချာတယ်ဗျ။

(ကိုသီအိုရီပြောပြသည်) ........

၂၉။  ။ တရုတ်ကြီးရဲ့ ၂၄ ပစ္စည်း
တစ်ခါက တရုတ်ကြီးတစ်ယောက် ဘုရားရှိခိုးပြီးလို့ ၂၄ ပစ္စည်းရွတ်ပြီး အိမ်ကို
စည်းချနေတဲ့ အချိန် သူ့အိမ်ကို သူခိုးကပ်ပါတယ်။ အဲ ဒါပေမဲ့ သူခိုးဟာ
ဘာပစ္စည်းမှ မယူနိုင်ဘဲ တရုတ်ကြီးရဲ့ စည်းချသံကို ကြားတာနဲ့တင် ထွက်ပြေးသွားပါသတဲ့။

တရုတ်ကြီး ၂၄ ပစ္စည်းကို ရွတ်ဖတ်လိုက်ပုံကတော့

ဟေ့လူ ပစ်မနော
အားရပါးရ ပစ်မနော
မထိတထိ ပစ်မနော ............

၃၀။  ။ လိပ်ပုံပြင်
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။
သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း
၇ နှစ်တောင် ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး
သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့
သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။

အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို
ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။
အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့
ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။
အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို
အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ
အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့
ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့
ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။
တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။

သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်ခြောက်နှစ်
ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို
မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို
ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ
ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။တွေ့လား သားကို စောင့်ကြမှာ
မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ .......

၃၁။  ။ တို့မိသားစု
လူတယောက်က မိတ်ဆွေတဦးကို ရှင်းပြလိုက်၏။
ငါတို့အိမ်ထောင်စုကတော့ နိုင်ငံတနိုင်ငံနဲ့ တူတယ်ကွ။
ငါ့ဇနီးက ဘဏ္ဍာရေးဝန်ကြီး၊ ငါ့ယောက္ခမကြီးက ကာကွယ်ရေးဝန်ကြီး၊ ငါ့သမီးက နိုင်ငံခြားရေးဝန်ကြီးကွ။

မိတ်ဆွေဖြစ်သူက ပြောလိုက်သည်။ စိတ်ဝင်စားစရာပဲကွ၊ ဒီတော့ မင်းက ဘယ်ရာထူးမှာလဲ။

ငါက ပြည်သူလူထုလေ။ သူတို့ကို ငါက တချိန်လုံးလုပ်ကျွေးနေရတာပေါ့ကွာ။.....

၃၂။  ။ ကျိန်စာ
အဘိုးကြီးတစ်ယောက်က တန်ခိုးရှိတဲ့လူဆီကိုသွားပြီး သူ့ဆီမှာ
အနှစ် ၄၀ နီးပါးရှိနေတဲ့ကျိန်စာကို ဖယ်ရှားပေးနိုင်လာသွားမေးတာပေါ့။

တန်ခိုးရှိတဲ့လူက ဖယ်တော့ဖယ်နိုင်မယ်ထင်တယ် ဒါပေမယ့် အဲတုန်းက
ခင်ဗျားအပေါ်သုံးသွားတဲ့ ကျိန်စာကို ရွတ်သွားတဲ့ စာလုံး အတိုင်းအတိအကျပြန်ပြောပြရမယ်။

အဘိုးကြီးက ဟုတ်ကဲ့ မှတ်မိတယ် အခုအချိန်ကစပြီး သင်တို့နှစ်ယောက်ကိုလင်မယားအဖြစ်
သတ်မှတ်ပါတယ် တဲ့။......

၃၃။  ။ သမိုင်းဘီး တပတ်လည်သည်ဆိုသည်မှာ
တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ဆိုင်ရာ သင်တန်းတခုတွင် တပည့်တယောက်က
သမိုင်းပေါမောက္ခကြီးအား မေးခွန်းတခုမေးလိုက်၏။ ပါမောက္ခကြီးခင်ဗျား
သမိုင်းဘီး တပတ်လည်တယ်ဆိုတဲ့ ကိစ္စဟာ မှန်ပါသလားခင်ဗျာ။

သိပ်မှန်တာပေါ့ကွာ၊ အထူးသဖြင့် မင်းစာမေးပွဲကျတဲ့ အခါမျိုးမှာ သိပ်မှန်တာပေါ့။........

၃၄။  ။ ကူညီသူ
တစ်နေ့ သားဖြစ်သူကျောင်းကအပြန် ဖေဖေ သားဒီနေ့ ဖွားဖွားကြီး
တယောက်လမ်းဖြတ်ကူးတာ ကူပြီး ကူးပေးလိုက်တယ်။

ဟား ငါ့သားက လိမ္မာတာပေါ့။ ရော့ ချောကလက်။

နောက်နေ့။ ဖေဖေ သားဒီနေ့လည်း ဘိုးဘိုးကြီးတယောက်လမ်းဖြစ်ကူးတာ
သားနဲ့သားသူငယ်ချင်း နှစ်ယောက် ကူလိုက်တယ်။

အေး သားတို့လိမ္မာတယ်။ ရော့ နှစ်ယောက်စလုံးအတွက်ချောကလက်

နောက်တနေ့။ ဖေဖေ သားဒီနေ့လည်း ဖွားဖွားကြီးတယောက်ကို
သားတို့သူငယ်ချင်းတွေ လမ်းဖြစ်ကူးပေးလိုက်တယ်။

သားတို့ သူငယ်ချင်းတွေက များလှချည့်လားကွဲ့ ၊ ၇ ယောက်ကြီးများတောင်။

ဖေဖေက လည်း ဖွားဖွားကြီးက ဒါတောင် လမ်းဖြတ်ကူးချင်တာမဟုတ်ဘူး။
သားတို့ သူငယ်ချင်းတွေ အတင်းဖြတ်ကူပေးလိုက်လို့။...............

၃၅။  ။ ဘယ်လောက် ဖြစ်စေချင်လို့လဲ
မြို့တော်စည်ပင်သာယာရေးက မြို့တော်မန်နေဂျာရာထူးအတွက် အင်တာဗျူးလုပ်နေသည်။
ဤတွင် ကော်မတီဝင်တဦးက လာရောက်တွေ့ဆုံသူတဦးအား မေးခွန်းထုတ်လိုက်၏။

၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရသလဲ။

ဤတွင် အမေးခံရသူသည် ထိုင်နေရာမှာ ခုန်ထလိုက်ပြီးနောက် အခန်းတံခါးရွက်အား
ဆွဲဖွင့်ပြီး အပြင်ဘက်မှ စင်္ကြန်လမ်းကို ဘယ် ညာ ကြည့်၍ တံခါးကို ပြန်ပိတ်လိုက်သည်။
ထို့နောက် သူသည် ပြတင်းပေါက်အားလုံးမှ ခန်းဆီးများကို လိုက်ပိတ်လိုက်ပြန်၏။
ပြီးမှ သူထိုင်ခဲ့သော ကုလားထိုင်သို့ ပြန်လာရင်း လေသံကလေးနှင့် ပြန်မေးလိုက်သည်။
ဆရာက ဘယ်လောက်လောက် ဖြစ်စေချင်လို့လဲ။

မြို့တော်စည်ပင်သာယာရေးကော်မတီက ထိုပုဂ္ဂိုလ်အား ချက်ချင်း ခန့်အပ်လိုက်လေ၏။......

၃၆။  ။ လိုက်လျောမိလို့
အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကို အပျင်းပြေတူးဆွနေသည်။
နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို သွားစမ်းမိသည်။
သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး
ဘွားကနဲပေါ်လာသည်။ ပထမတော့ ကောင်မလေးက ခေါင်းကိုမဖွင့်ရဲချေ။
နောက်တော့ ကြောက်စိတ်ကို စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။
အခေါင်းဖုံးကို မနိုင်မနင်းနှင့် ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ် ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။
အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ
နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ ဘုရင်လေးကိုကြည့်ရင်း
သနားသွားသည်။ သူမမျက်လုံးထဲမှ မျက်ရည်များစီးကျလာပြီး ဘုရင်ကလေး၏
ရင်ဘတ်ပေါ်သို့ကျသွားသည်။ အလွန်အံ့ဩစရာကောင်းသော အရာများဖြစ်လာသည်။

ဖာရိုးဘုရင်လေးသည် မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ
ထထိုင်သည်။ ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး
ညင်သာသောအသံဖြင့် မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။
မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။ မင်းအလိုရှိရာ
ဆု (၁၀) ခုတောင်းပါ။ ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေးမယ်။

အလွန်အံ့ဩနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး စကားတစ်ခွန်းမျှပြန်မပြောနိုင်ချေ။
နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့် တိုးတိုးလေးပြောသည်။ ဆု (၁၀) ခုဆို များလွန်းပါတယ်။
ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့် (၁၀) ခါ ဖြည့်ဆည်းပေးရမယ်နော်
ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင်
ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။ .......

၃၇။  ။ မကျေနပ်လို့
ယောကျာ်း ။ ။ မင်း ခုတလော ငါနဲ့ ရန်ဖြစ်ရင် ဘာမှလဲပြန် မပြောပါလားကွ။
မင်းရဲ့စိတ် ကို ဘယ်လိုများ ထိမ်းထားသလဲ။
ဇနီး ။ ။ကျမ ရှင့် ကို မကျေနပ်ရင် အိမ်သာသွားဆေးတယ်လေ။
ယောကျာ်း ။ ။ အိမ်သာ ဆေးတာနဲ့မကျေနပ်တာနဲ့ ဘယ်လိုများ သက်ဆိုင်လို့လဲကွ ...
ဇနီး ။ ။ ကျမ အိမ်သာ ဆေးတဲ့အခါ ရှင့်သွားတိုက်တံ နဲ့ဆေးတာပေါ့။......

၃၈။  ။ တန်ရာတန်ရာ
ယောက်ျားဖြစ်သူ အရက်မူးပြီးပြန်လာသည်။ မိန်းမကတံခါးမဖွင့်ပေးချေ။
ယောကျာ်းတံခါးကိုထုသည်။ မိန်းမကတင်းခံနေသည်။ တံခါးကိုထုနေရင်း
ယောကျာ်းကပြောသည်။ မိန်းမရေ ငါပါကွ။ တံခါးဖွင့်စမ်းပါ၊
ကမ္ဘာပေါ်မှာအချောအလှဆုံးအမျိုးသမီးအတွက် နှင်းဆီပန်းတွေ ယူလာတယ်ကွ။
မိန်းမဖြစ်သူက တံခါးဖွင့်ပေးလိုက်သည်။ ဘယ်မှာလဲနှင်းဆီပန်း လို့ မိန်းမက
မေးလိုက်သည်။ ယောက်ျားက ပြန်ပြောလိုက်တာကတော့ ... ဘယ်မှာလဲအချောဆုံးမိန်းမ။ ......

၃၉။  ။ အိုင်အမ်ဆောရီး
၁၇-ရာစု အင်္ဂလန်နိုင်ငံ လေးမြားပစ်ပြိုင်ပွဲတွင် ဖြစ်သည်။
ပထမဦးဆုံး အပျံစားကုတ်အကျီင်္ အပျံစားဘောင်းဘီဝတ်ထားသော
လူချောတစ်ယောက် ထွက်လာပြီး ပစ်သည်။မြားသည် ဘုရင့်အပါးတော်မြဲ၏
ခေါင်းထိပ်တွင် တင်ထားသော ပန်းသီးကိုမှန်သည်။ ပရိသတ်များ
တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I'm Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ထိုသူသည်
ပန်းသီးကိုချိန်ပြီး မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။
ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြသည်။

"I'm Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။
ကျပ်တင်းနေသော ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။
ကြီးမားလှသော လေးကို မလိုက်ပြီး ချွန်ထက်သည့်စို့ချောင်းဖြင့်ပစ်သည်။
စို့ချောင်းသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ
မကြားရဘဲ တိတ်ဆိတ်နေသည်။ ထိုဗလကြီးကပြောသည်။

"I'm SORRY" ...............

၄၀။  ။ သိပ်ထိတယ်
အရက်သေစာကို လုံးဝမသောက်ဘဲ ရှောင်ထားသူ ပါမောက္ခကြီးက ပရိသတ်ကို
ဟောပြောနေ၏။ ကဲဗျာ ဆိုကြပါစို့။ ဟောဒီနေရာမှာ ရေတပုံးနဲ့ အရက်တပုံး ချထားမယ်။
အကယ်၍ နွားတကောင်ကို ဒီနေရာခေါ်လာရင် အဲဒီနွား ရေကိုသောက်မလား၊
အရက်ကိုသောက်မလား။

ထိုအခါ ပရိသတ်အတွင်းမှ အသံတသံပေါ်လာ၏။ ရေသောက်မှာပဲ။
သည်တွင် ပါမောက္ခကြီးက ဘာဖြစ်လို့ ရေသောက်မှာလဲဟု မေးလိုက်ရာ
နွားမို့လို့ပေါ့ဟု ပြန်ဖြေလိုက်သံ ထွက်ပေါ်လာလေ၏။...........

၄၁။  ။ နားမလည်နိုင်ဘူး
လူနှစ်ယောက်မြို့တော်ကြီးအတွက် အလုပ်လုပ်နေကြသည်။ တစ်ယောက်ကတွင်းတူး၏။
တူးရင်းတူးရင်း တူး၏။ နောက်တစ်ယောက်က သူ့နောက်ကလိုက်ပီးတွင်းကိုဖို့သည်။
ဖို့ရင်းဖို့ရင်းဖို့၏။ သူတို့သည်စည်းချက်ညီညီ အလုပ်လုပ်နေ၏။ တစ်ယောက်ကတွင်းတူး
တစ်ယောက်ကတွင်းဖို့။

လူတစ်ယောက်သည် လမ်းလျှောက်ရင်းသူတို့ကို စောင့်ကြည့်နေသည်။
သူကားထိုသူများ၏ အလုပ်ကိုမယုံနိုင်ဖြစ်ပြီး သူတို့ ဘာလုပ်နေကြသည်ကိုလည်း
နားမလည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး တော့သူကမကျေနပ်နိုင်ပဲသွားမေးလေတော့သည်။

ခင်ဗျားတို့အလုပ်ကအတော့်ကိုပင်ပန်းပါတယ်ဗျာ ဒါပေမယ့်ခင်ဗျားတို့
ဘာလုပ်နေကြတာတုန်း ခင်ဗျားကတွင်းတူးတယ် ပြီးတော့ခင်ဗျားအဖော်က
နောက်ကလိုက်ပြီးတွင်းကိုဖို့ဖို့နေတယ်။

တွင်းတူးသမားကပြန်၍ဖြေလေသည်။ အို ဟုတ်ပါရဲ့ဗျာ ဒါဟာတကယ့်ကိုရယ်စရာကြီးပါပဲ။
ကျုပ်တို့က ကိုယ့်အလုပ်ကို လုပ်နေကြတာလေ။ မလုပ်နိုင်တဲ့လူကရှိတယ်ဗျ။
သူကနေမကောင်းလို့ဒီကနေ့မလာနိုင်ဘူး။ သူကသစ်ပင်စိုက်ပေးရတဲ့လူလေ။ တိန်။.......

၄၂။  ။ ကိုယ့်ကြောင့်
ဘရာဇီး နိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ခရီးသည် တင်လေယာဉ်တစ်စင်း
ပျံသန်းနေစဉ် ပျက်ကျသည် လေယာဉ်ပေါ်တွင်ပါလာသော သက်ရှိအားလုံး အနက်
မျောက်တစ်ကောင်သာ အသက်ရှင်ကျန်ရစ်သည်ကို သက်ဆိုင်ရာ လူများကတွေ့ရှိကြ၏။
မျောက်ကို ဆေးရုံပို့၍ ကုသပေးပြီးနောက် ကျန်းမာရေးကောင်းမွန်လာချိန်တွင်
မဂဓ ဘာသာစကား နားလည်သူတစ်ဦးက လေယာဉ် ပျက်ကျမှုဖြစ်စဉ်နှင့်ပါတ်သက် ၍ စစ်ဆေးမေးမြန်း၏။

စစ်ဆေးသူ။ ။ လေယာဉ်ပျံစထွက်တော့ခရီးသည်တွေဘာလုပ်နေတုန်း
မျောက်။ ။ ထိုင်ခုံခါးပတ် တွေပတ်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ခရီးသည်တွေကို တစ်ယောက်ချင်းဆီလိုက်နှုတ်ဆက်တယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးကရော
မျောက်။ ။ ပျံသန်းရေးစနစ်တွေစစ်ဆေးရင်း လေယာဉ်မောင်းတာပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ အိပ်ငိုက်နေတယ်
စစ်ဆေးသူ။ ။ စထွက်ပြီး ၁၀ မိနစ်ကြာတော့ခရီးသည်တွေဘာလုပ်နေကြတုန်း
မျောက်။ ။ လေယာဉ်မယ်တွေကျွေးသမျှစားကြသောက်ကြတယ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကရော
မျောက်။ ။ သူတို့တွေကတော့စားသောက်ရေးဝန်ဆောင်မှုပေးနေတာပေါ့
စစ်ဆေးသူ။ ။ လေယာဉ်မှူးတွေကရော
မျောက်။ ။ မောင်းနေကြတာပဲလေ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ခွါစားလိုက် လွှင့်ပစ်လိုက်
စစ်ဆေးသူ။ ။ နောက်နာရီဝက်ကြာတော့ကော
မျောက်။ ။ အိပ်တဲ့လူကအိပ် စာဖတ်တဲ့လူကဖတ်
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ မိတ်ကပ်ဘူးတွေလိမ်းတယ်
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မောင်းနေကြတာပဲပေါ့
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟိုကြည့်ဒီကြည့်ပေါ့နော်
စစ်ဆေးသူ။ ။ လေယာဉ်ပျက်မကျခင်လေးမှာခရီးသည်တွေဘာလုပ်ကြတုန်း
မျောက်။ ။ အကုန်အိပ်နေပီ
စစ်ဆေးသူ။ ။ လေယာဉ်မယ်တွေကော
မျောက်။ ။ ဘယ်ပျောက်သွားလဲမသိဝူး
စစ်ဆေးသူ။ ။ လေယာဉ်မှုးတွေကော
မျောက်။ ။ လေယာဉ်မယ်တွေရဲ့ရင်ခွင်ထဲမှာ
စစ်ဆေးသူ။ ။ မင်းကရော
မျောက်။ ။ ဟဲဟဲ ပထမဆုံးအကြိမ် လေယာဉ်မောင်းခြင်းစပြီလေ ... ကွိကွိ

(ကိုဟယ်ရီပြောပြသည်) ...............

၄၃။  ။ အနမ်း (၁၀ဝ)
ခင်ပွန်းက ဇနီးဆီကို ရေးလိုက်တဲ့ စာလေးပါ။

အချစ်ရေ ဒီလတော့ ကို လစာငွေမပိုနှိင်တော့လိုအနမ်း (၁၀ဝ) ကို
ဒီစာနဲ့ အတူပို့လိုက်တယ်နော်။ မင်းဟာမောင့် ရဲ့အချစ်ဆုံးပါကွယ်။

မင်းရဲ့ အချစ်ဆုံးခင်ပွန်း
မောင်

ရက်အနည်းငယ်ကြာသောအခါ ဇနီးက သူ့ခင်ပွန်းသည်ထံ စာပြန်လိုက်သည်။

မောင်ရေ မောင့် အနမ်း (၁၀ဝ) အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
တဆက်တည်း ခင့်ရဲ့ ဒီလ အသုံးစရိတ်လေးကိုလည်း ပြောပါရစေနော်။

၁။ တလစာနွားနို့အတွက် နွားနို့လာပို့နေသူနဲ့ အနမ်း ၂ ခုသဘောတူလိုက်တယ် မောင်။
၂။ မီးပြင်သမားအတွက် အနမ်း ၇ ခုသဘောတူလိုက်တယ် မောင်။
၃။ ကျွန်မတို အိမ်ရှင်ကလည်းနေတိုင်းလာပြီး အိမ်လခအတွက် အနမ်း ၂ခု ၃ခု ယူလေ့ရှိတယ်မောင်။
၎။ စတိုးဆိုင် ပိုင်ရှင်ကတော့ အနမ်းတွေကိုလက်မခံလို့ တခြားဟာလေးတွေဘဲ ပေးလိုက်တယ်မောင်။
၅။ တခြားအသုံး စရိတ်လေးတွေအတွက်တော့ အနမ်း (၄၀) လောက်သုံးလိုက်တယ်မောင်။

အရမ်းစိုးရိမ်မနေပါနဲ့မောင်။ ဒီလအတွက်မောင်ပေးထားတဲ့ အနမ်းတွေထဲက အနမ်း (၃၅)
ခုလောက်ကျန်ပါသေးတယ်။ ဒီလတော့ ဒီအနမ်း (၃၅) ခုလောက်ကုန်အောင်သုံးဖြစ်မယ်ထင်တယ်။
နောက်လအတွက်ကော ဒီလိုဘဲ ဆက်သွားသင့်လားဆိုတာ အကြံပေးပါဦးမောင်။

အချစ်ဆုံးဇနီး..........

၄၄။  ။ ဒါပထမဆုံးပဲ
မဒမ်ဂျွန် ဈေးသွားဝယ်နေစဉ်တွင် သူ့ယောကျာ်း ဂျွန် က အိမ်သာ ကြွေအိုး အပေါ်
ထိုင်ခုံကို အရောင်သစ် တောက်တောက်ပပကလေး ဆေးသုတ်ရန် ဆုံးဖြတ်လိုက်သည်။
ယင်းအလုပ်ကို စိတ်ကြိုက်ပြီးစီး သွားသောအခါ ဂျွန် သည် အပြင်လမ်းလျှောက်ထွက်ခဲ့လေသည်။

မဒမ်ဂျွန်အိမ်ကို စောစောပြန်လာပြီး ဆေးမခြောက်မီ အိမ်သာ အပြေးအလွှားတက်မည်ကိုတော့
သူ မသိခဲ့ချေ။ သူပြန်လာသော အခါ မဒမ်ဂျွန်သည် အိမ်သာ ထိုင်ခုံတွင် ဖင်ကပ်နေပြီး
အော်ဟစ် အကူအညီတောင်းနေသည်ကို တွေ့ရလေသည်။ သူတို့ ဘာတွေ ကြိုးစားလုပ်လုပ်
မဒမ်ဂျွန်၏ အသား ဘယ်နေရာကမှ ထိုင်ခုံမှ ကွာထွက်မလာချေ။
နောက်ဆုံး တွင် သူတို့ သည် အိမ်သာကြွေအိုးမှ ထိုင်ခုံကို ဝက်အူလှည့်၍ ဖြုတ်ပြီး
မဒမ်ဂျွန်၏ မျက်နှာပူစရာ ကိစ္စကြီးပေါ်မှ အပေါ်ဝတ် အကျီကြီး လွှမ်းကာ
ဒေသခံ ဆရာဝန်ထံသို့ သူမကို အမြန်ခေါ်လာခဲ့သည်။

ဆရာဝန်၏ ခွဲစိတ်ခန်းကိုရောက်သောအခါ ဂျွန်က ကုတ်အကျီကြီးကို လှန်ပြပြီး ဒေါက်တာရယ်၊
ဒါမျိုးများ မြင်ဖူးပါရဲ့လား ဟုပြောလိုက်၏။ ဆရာဝန်၏ အဖြေက ဒါမျိုးတွေများ ဒါဇင်နဲ့
ချီပြီး တွေ့ဖူးတာပေါ့။ ဒါပေမဲ့ ဘောင်ကွပ်ထားတာမျိုးတော့ ဒါပထမဆုံး မြင်ဖူးတာပါပဲ တဲ့။

(ကိုဟိန်းလင်းပြောပြသည်။) ......






ခင်မင်လေးစားစွာဖြင့်

ချင်းကလေး
0 Responses
abcs