လွမ်းလိုက်တာအရိပ်လေးရယ်

ကျနော့်ဘဝမှာ မထင်မှတ်တာတွေဖြစ်ဖူးကြုံဖူးပေမယ့် လတ်တလောကြုံတွေ့လိုက်ရတဲ့အဖြစ်အပျက်လေးကိုတော့ဒီတစ်သက်မေ့နိုင်တော့မှာမဟုတ်ပါဘူးဗျာ.
အားလုံးသိကြတဲ့အတိုင်းခေတ်ကလည်း Globalization ခေတ်လို့ပြောနေကြတဲ့ 
ခုနေခေတ်ကြီးထဲမှာ လူငယ်ကလည်းဖြစ်ပြန်.. အချစ်ဆိုတာကိုလည်းကိုးကွယ်တတ်သူမို့ နိုင်ငံတွေဘယ်လောက်ဝေးဝေး နီးနေစေတဲ့အွန်လိုင်း Communication ကနေတဆင့်..........








အဲလိုပေါ့ဗျာ.. တိုးတက်လာတဲ့ Communication တွေကတဆင့်ကျနော်ဟာအချစ်ဆိုတာ 
ကြီးကိုတွေ့ရှိလာရတယ်ဆိုရတော့မှာပေါ့..။ခုထိတော့ ကျနော့်ချစ်သူဆိုတာ 
ယောကျာင်္းလေးပဲလား၊ သူပြောနေသလိုမိန်းကလေးပဲလား၊ ဖြူသလား၊ မဲသလား၊ 
ပိန်သလား၊ ဝသလား..။။ ဒါတွေဘာတစ်ခုမှမသိရသေးပါဘူး..။ ဒါတွေမသိပဲနဲ့ကိုယ့်ချစ်သူလို့ဘာလို့ပိုင်စိုးပိုင်နင်းပြောတာတုန်းလို့ မေးမယ်ဆိုရင်တော့ ကျနော့်မှာအဖြေပေးစရာတိတိကျကျမရှိပါလို့ဖြေရမှာပါပဲ..။

ဖြေနိုင်တာကိုဖြေစမ်းလို့ဆိုရင်တော့ လွန်ခဲ့တဲ့လကကျနော်သူ့ကိုဖွင့်ပြောပြီးသွားလို့ 
သူလက်ခံခံ၊မခံခံ ကျနော်ကချစ်နေမိတာမို့ ကျနော့်ချစ်သူလို့ကျနော်ပြောဆိုသုံးနှုန်းလိုက်တာပါ..။ သူနဲ့ပတ်သတ်လို့ အတိအကျကျနော်သိတာကတစ်ခုထဲရယ်...အဲဒါကတော့ သူမြန်မာပြည်မှာလက်ရှိနေနေတယ်ဆိုတာပါပဲ...
ဒီ့ထက်ပိုပြီးကျနော်ဘာမှမသိပါဘူး..။ မေးလည်းမမေးမိပါဘူးဗျာ..။ တနေ့ကိုအလုပ်ခြောက်နာရီပဲလုပ်ရတဲ့ကျနော့်မှာ အချိန်ပိုတော်တော်များများရှိနေတတ်ပါတယ်... 
ဒါပုံသေတော့ာမဟုတ်ဘူးပေါ့.. များသောအားဖြင့်ပါ.. ။ 
ထူးထူးဆန်းဆန်းဖေ့စ်ဘွက်သိပ်မသုံးဖြစ်တဲ့ကျနော် သူငယ်ချင်းလည်းများများစားစားမရှိပါဘူး..။ အဲဒီနေ့ဖေ့စ်ဘွက်ဖွင့်လိုက်တော့ကျနော့်ကိုလာ Add ထားတဲ့သူတစ်ယောက်နဲ့တိုးတော့တာပါပဲဗျာ.. ဒါနဲ့ကျနော်လည်းဘာရယ်မဟုတ်ပါဘူး.. 
သူငယ်ချင်းတစ်ယောက်ရတော့ပိုကောင်းတာပေါ့၊လို့တွေးပြီး လက်ခံလိုက်တယ်လေ..။ အလုပ်အဆင်မပြေလို့ကျနော်စိတ်တိုနေတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေတာပေါ့..။

ဒါနဲ့စကားပြော(Chatting)ရတာအဆင်မပြဘူးလေ.။ပြောရမယ်ဆိုရင်ဘုနဲ့ဘောက်ပေါ့..။
ကျနော်အဲလိုဘုနဲ့ဘောက်ပြောတာလေးကိုပဲသူကခင်တာပါဆိုပြီး အပြန်အလှန်ဂျီတော့ဖလှယ်မိကြတယ်လေ.
အဲနောက်ပိုင်းတော့အဆင်ပြေတစ်ရက်မပြေတစ်ရက်ပေါ့..ဒီလိုနဲ့ချက်လာလိုက်ကြတာ 
နေ့စဉ်နဲ့အမျှပါပဲ.. 
ရန်ကုန်သူဆိုတော့ညမှအိမ်သားတွေအိပ်ချိန်အွန်လိုင်းတက်လာတော့ ဥရောပမှာရောက်နေတဲ့ကျနော်အားနေတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပြန်ရော..။ 
ဘာပြောကောင်းမလဲဗျာ..သူလည်းမိုးမလင်းတလင်းအထိမအိပ်ပဲချက်... 
ဗိုက်ဆာရင်တစ်ခုခုထယူစားလိုက်၊
ပြန်ချက်လိုက်နဲ့ တော်တော်တော့အဆင်ပြေသားဗျ..။ 
ဒီလိုနဲ့သုံးလလောက်ကြာတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိသိလာလေ၊သံယောဇဉ်တွယ်လာလေလေနဲ့ 
ခင်မင်မှု့က လေးနက်သထက်လေးနက်လာပြီးထုံးစံအတိုင်း ကျနော့်ဖက်ကပဲချစ်ခွင့်ပန်လိုက်တော့တာပါပဲဗျာ..။
အပျော်တော့မဟုတ်ဘူးဆိုတာယုံပါ..။ ကျနော်သူ့ကိုမမြင်ဖူးပေမယ့်
အရမ်းချစ်မိသွားတာတော့ ကျနော့်ကိုကျနော်လည်းအံ့သြမိပါရဲ့..။

သူငယ်ချင်းနည်းပါးတဲ့ကျနော်နဲ့သူငယ်ချင်းလုံးဝမရှိပဲအိမ်ကြီးထဲမှာသာ အမြဲနေရရှာတဲ့သူနဲ့ အဆင်ပြေတယ်ဆိုတဲ့အမြင်မျိုးနဲ့ပေါ့..။ဒီတော့လည်းဂျီတော့ဆိုတာက မြှားနတ်မောင်ပဲဖြစ်နေသလိုလို.။
ဟာဟ.. အလုပ်ကပြန်လာတာနဲ့တန်းပြီး (အရင်ကတော့အွန်လိုင်းသိပ်မတက်ဖြစ်ပါဘူး) ဂျီတော့ဖွင့်ထားလိုက်တော့တာပဲ..။ 
သူလာတိုင်းကျနော့်ဖက်က စိမ်းနေတာမြင်ရရင်စိတ်ချမ်းသာလို့တဲ့..။
သူတော့မသိဘူး..။ အပိုအလုပ်လို့မြင်ခဲ့ဖူးတဲ့ကျနော်တောင် Chatting ဆိုတာကြီးကို တော်တော်ကျေးဇူးတင်နေမိတယ်ဗျာ.. အဲ..ပြောစရာကအခုမှရောက်လာတော့တယ်.. အဲဒီလိုကျနော်ဖွင့်ပြောပြီးတဲ့နေ့ကတည်းက သူအွန်လိုင်းကိုမတက်လာခဲ့တော့တာဒီနေ့အထိပဲဗျာ..။
ကြားထဲမှာတစ်ရက်တတ်လာပြီးစာတစ်ကြောင်းချန်သွားခဲ့တာကလွဲလို့ပေါ့..။

အဲဒီချန်ခဲ့တဲ့စာတစ်ကြောင်းဆိုတာကတော့ 


''ko shwe chin gyi ! shin I ko wait nay par naw !

shin, si ko I pyan lar khe' pa, mae...

sate shay shay nae' khalay lay ko wait pay par lu kyi yal. 

pyan lar hma I shin, ko arr lone shin pya pa mae.. 

shin, ko ayann miss nay tal ko shwe chin gyi yal....'' တဲ့...။


သဘောကတော့ကျနော့်ကိုလွမ်းနေပါတယ်..ဒါပေမယ့်ကိစ္စလေးတွေအရေးတကြီးပေါ်လာလို့ အွန်လိုင်းမတတ်ဖြစ်တာကို စိတ်မဆိုးပဲ စိတ်ရှည်ရှည်နဲ့စောင့်နေပါ 
ဆိုပြီး အကြောင်းကြားတဲ့စာပုံစံမျိုးပေါ့..။

ဒီတော့ကျနော်လည်းဘယ်တတ်နိုင်မလဲ.....
ဖူးစာမှာရှိရင်တော့ သူနဲ့ပြန်ဆုံရမှာပဲလေလို့ကိုယ့်ကိုယ်ကို အားပေးရင်း ကဗျာတစ်ပုဒ်ရေးပို့ပေးလိုက်တယ်ဗျာ.... ဆိုင်မဆိုင်မသိပေမယ့်အဲဒီအချိန်က ကျနော့်ရင်ထဲကထွက်အန်ကျလာတာတွေကို ကဗျာတစ်ပုဒ်အဖြစ်အသက်သွင်းလိုက်တာကို သူငယ်ချင်းတို့ကိုဝေမျှချင်လို့ ခုလိုရှည်ရှည်ဝေးဝေးပြောပြနေရတာပါ..... ..

ကဗျာလေးကတော့



နင်နဲ့ငါနဲ့နှစ်ကိုယ်တူ
တည်ဆောက်ချင်နေတာက
ရူမငြီးတဲ့နန်းတော်ကြီးတစ်ဆောင်နော် ကလေး!

ဘာဖြစ်လို့တို့နှစ်ယောက်ရဲ့လက်တွေထဲမှာ
ကျောက်တုန်းတွေကိုဆုပ်ကိုင်မိကြတာလဲဟင်?

ငါလည်းစဉ်းစားမယ်၊နင်လည်းစဉ်းစားပါ။

ပင်လယ်ပြင်ကလှိုင်းလေးတွေဟာ
တက်လည်းတက်လာတတ်သလိုကျလည်းကျတတ်တယ်ဆိုတာ
နင်ကောငါပါသိခဲ့ကြပါတယ် ကလေး!

ဒါနဲ့များငါတို့တွေ
ဘာလို့သဲသောင်ပြင်ပေါ်မှာ
နာမည်တွေရေးဖို့ကြိုးစားမိခဲ့ကြတာလဲဟင်?

နင်လည်းစဉ်းစားပါဥိး၊ငါလည်းစဉ်းစားပါရစေ။

နင့်အတွက်ကျတော့စောနေသေးပေမယ့်
ငါ့အတွက်ကျတော့နောက်တောင်ကျနေပြီ ကလေး!

သေချာအောင် နင်လည်းစဉ်းစားပေါ့၊
ငါလည်းစဉ်းစားပါဦးမယ်ကွာ.။




ဒီကဗျာလေးဖတ်ပြီးတော့သူအရမ်းငိုမိတယ်တဲ့..။ ကျနော်နဲ့တော့စောစောကပြောထားသလို 
ပြန်မတွေ့သေးပါဘူး။ စာရေးထားတာကိုပြောပြတာပါ..။ အရမ်းငိုမိတယ်တဲ့ဗျာ..။
ကျနော်လည်းမျက်ရည်တွေစိုနေအောင်အထိ ရင်မှာဆို့တင်းပြီး ရေးထားခဲ့တဲ့ကဗျာလေးပါလို့
ပြောပြချင်သေးပေမယ့် သူကတော့ရောက်မလာသေးပါဘူးဗျာ..။
အဆိုတော်စိုင်းထီးဆိုင်ဆိုသွားခဲ့တဲ့သီချင်းလေးကို 
တိုးတိုးလေးညီးမိပါတယ်...

''သူသတိရရ မရရပေါ့.. ကျနော်ကတော့မေ့လို့မရပါဘူး''







ခင်မင်လေးစားစွာဖြင့်


ချင်းကလေး


3 Responses
  1. စံပယ်ချို Says:

    အရိပ်ကလေးကိုလွမ်းသွားပါတယ်နော်
    ငါ့မောင်လေး
    ချမ်းမြေ့ပါစေ

  2. Candy Says:

    ဒီပိုစ့်လေး အရမ်းကြိုက်တယ်.. ခံစားချက်ကိုလည်း ထပ်တူနားလည်နိုင်တယ်.. ဘာလို့လည်းဆိုတော့ ကန်ဒီချစ်သူနဲ့လည်း onlineမှာ စသိတာ.. ရုပ်မမြင်ဘူးသေးခင်ထဲက သံယောဇဉ်တွယ်တာပေါ့.. အစ်ကို့လိုပဲ.. အစ်ကိုနဲ့မတူတာတစ်ခုက ကန်ဒီတို့က happy ending လေ.. ခုဆို သူနဲ့သိတာ ၅နှစ် ချစ်သူဖြစ်တာ ၃နှစ်ရှိပြီ.. အစ်ကို့ကောင်မလေးနဲ့လည်း ပြန်ဆုံဆည်းနိုင်ပါစေလို့.. ^^

  3. KMC@ချင်းလေး Says:

    ခုလိုထပ်တူနားလည်ပေးတာဝမ်းသာစွာကြိုဆိုပါတယ်ညီမငယ်..။ ညီမငယ်တို့ရဲ့Happy Endingအတွက်လည်းCongeratulationပါဗျာ. လူတစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်ဖြစ်တည်တယ်ဆိုတာထင် သလောက်လည်းမလွယ်တာမို့ညှိတွယ်လာ ကြပြီဆိုရင်တော့ ပြန်မပျက်စီးသွားအောင်ထိန်းသိမ်းရမယ်၊တန်ဖိုးထားရမယ်လို့ခံယူထားတဲ့ သူမို့ပိုနာကျင်မိတာပါ..။ကျေးဇူးပဲညီမငယ်...။အရာရာအဆင်ပြေပြီး ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်.။ (ခင်မင်စွာဖြင့်)

abcs